စစ်ကောင်စီက နေပြည်တော် သင်္ကြန်စည်ကားစေရန်အတွက် K pop ချစ်သူများ သိရှိခြင်းမရှိသည့် ကိုရီးယားအနုပညာရှင် ဆိုသူများဖြင့် ဆွဲဆောင်

စစ်ကောင်စီက နေပြည်တော် သင်္ကြန်စည်ကားစေရန်အတွက် မြန်မာနိုင်ငံရှိ K pop ချစ်သူများ သိရှိခြင်းမရှိသည့် ကိုရီးယားအနုပညာရှင် ဆိုသူများကို ခေါ်ယူ၍ စည်းရုံး ဆွဲဆောင်နေကြောင်း သိရသည်။

စစ်ကောင်စီက ၎င်းတို့၏ ၃ နှစ်မြောက် သင်္ကြန်ကို ဖျော်ဖြေရေးအတွက် ကိုရီးယားအနုပညာရှင် K pop အဆိုတော်များနှင့် Dj တီးသူများကို ခေါ်ယူထားပြီး မြန်မာပြည်သူများ သိရှိသည့် နာမည်ကျော် ကိုရီးယား အနုပညာရှင်များ ပါဝင်ခြင်းမရှိကြောင်းသိရသည်။

မြန်မာနိုင်ငံကို ယမန်နေ့ ဧပြီ ၁၁ ရက်နေ့တွင် DJ – Lee နှင့်အနုပညာရှင် ငါးဦးရောက်ရှိလာပြီး ပြီးခဲ့သည့် ဧပြီ ၉ ရက်နေ့က သရုပ်ဆောင် ဘတ်အွန်းဟီး၊ K-pop အဆိုတော်များ Rejen၊ Henny နှင့် 7 Kids Doll Group၊ Astel Dance Group နှင့် DJ-Saemi တို့ အပါအဝင် အနုပညာရှင် ၂၄ ဦးရောက်ရှိနေပြီဖြစ်သည်။

“ ကိုရီးယားကားကို ဂျွန်စောနဲ့အွန်စောခေတ်ကတည်းကကြည့်လာတာ သူတို့တွေကို ဘယ်နားမှာ မှမမြင်ဖူးဘူး။ အရန်ထဲလည်းမပါဘူး။ k pop သီချင်းတွေလည်း နားထောင်တာပဲ။ ဘယ်မှာမှာကို မတွေ့ဖူးတာ” ဟု K Drama Fan အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက ခေါ်ယူထားသည့် အဆိုပါ ကိုရီးယားအနုပညာရှင် K pop အဆိုရှင်များ အကြောင်းသိရှိနိုင်ရန် လူမှုကွန်ရက်စာမျက်နှာနှင့် အွန်လိုင်းဝက်ဆိုဘ်များ၌ရှာဖွေရာတွင် ရုပ်ရှင်ဇာတ်လမ်းတွဲအပါအဝင် သီချင်းဂီတမှတ်တမ်းများ တွေ့ရှိခြင်း မရှိကြောင်း သိရသည်။

“ စစ်ကောင်စီကို ဘယ်သူလှည့်စားလိုက်လဲမသိဘူး။ K pop အဆိုတော်ဆိုပြီး ကိုးရီးယားစား သောက်ဆိုင်မှာ ဖျော်ဖြေတဲ့လူတွေလားမသိဘူး။ တချို့ဝေဖန်တာတွေက ပိုဆိုးတယ်။ KTV က အဆိုတော်တွေ သရုပ်ဆောင်တွေနဲ့တူတယ်လို့ ပြောနေကြတယ်” ဟု K popper အမျိုးသမီးတစ်ဦးက ပြောကြားသည်။

အဆိုပါ ကိုရီးယားအနုပညာရှင်ဆိုသူများသည် နေပြည်တော်မဟာသင်္ကြန်မဏ္ဍပ်တွင် ယနေ့ ဧပြီ ၁၂ ရက်နေ့ ယနေ့ညကျင်းပမည့် Friday Night Live Show တွင်ပါဝင်ဖျော်ဖြေမည်ဖြစ်ပြီး နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် ရှိနေမည် ဖြစ်ကြောင်း စစ်ကောင်စီ၏ သတင်း ဖော်ပြချက်အရသိရသည်။

ဓာတ်ပုံ – MOI


Comments

Leave a Reply

Your email address will not be published. Required fields are marked *