သံတွဲမြို့နယ်တွင် တိုက်ပွဲ စဖြစ်

ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်တွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ် ယ‌နေ့(ဧပြီလ ၁၃ ရက်)နံနက်တိုက်ပွဲဖြစ်ပွားနေကြောင်းသတင်းရရှိသည်။

သံတွဲမြို့နယ်၊ကွေ့ချောင်းနှင့်ရေစင်ရွာကြား၌ နံနက် ၇နာရီခန့်မှစတင်၍ တိုက်ပွဲဖြစ်ပွားခြင်းဟု သံတွဲမြို့မြို့ခံတဦးကပြောသည်။

“ဖြစ်တာက ရွာဘက်မှာ။ မြို့ပေါ်မှာတော့ စစ်ကားတချို့လှည့်နေတယ်။သင်္ကြန်လည်း လူမရှိဘူး” ဟု ယင်းဒေသခံကပြောသည်။

သံတွဲမြို့နယ်တွင် အမှတ်(၅၅)ခြေလျင်တပ်ရင်း၊ ခြေမြန်တပ်ရင်း၅၆၆-ခမရ(၅၆၆) ၊ ရဲစခန်းတို့ရှိသည်။ ရခိုင်ပြည်နယ်​တောင်ပိုင်းရှိ သံတွံဒေသတွင်း၌တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးဘဲ ယ‌နေ့ တိုက်ပွဲစတင်ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလ၂၁ရက်နေ့က စစ်ကောင်စီ၏စစ်မှုထမ်းကိစ္စအတွက် စာရင်းလိုက်ကောက်သည့်အဖွဲ့၌ပါဝင်သော သံတွဲမြို့နယ်၊ ဒါဝကျေးရွာရာအိမ်မှူးဦးဝင်းရွှေသည် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်။

ရခိုင်ပြည်နယ်မှစစ်ကောင်စီစခန်းများအား ထိုးစစ်စင်တိုက်ခိုက်နေသည့်AAသည် ယမန်နေ့ကပင် မောင်တောမြို့နယ်ရှိ အကြီးဆုံးနယ်ခြားစောင့်တပ်ရင်းဖြစ်သည့် ကြိမ်ချောင်းဗျူဟာကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ကြိမ်ချောင်းဗျူဟာ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရုပ်အလောင်းအမြောက်အမြား၊ သုံ့ပန်းတချို့ နှင့် စစ်တပ် မိသားစုဝင်တချို့ကို ဖမ်းဆီးရမိခဲ့ပြ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ စခန်းများကို တစ်ခုပြီးတစ်ခု ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ပြီး လက်နက်ချအညံ့မခံသော စခန်းများအနေဖြင့် အမြန်ဆုံးလက်နက်ချရန် AAက ထပ်မံသတိပေးထားသည်။

စစ်ကောင်စီ၏ လက်နက်ချအညံ့မခံသေးသော နပခ၊ အမ်းဌာနချုပ်၊ ဘူးသီးတောင်၊ စကခ (၁၅) ဌာနချုပ် နှင့် တောင်ကုတ်၊ စကခ (၅) အပါအဝင် လက်ကျန်စခန်းတိုင်းကို တစ်ခုမကျန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဟု AA က ဧပြီ ၁၂ ရက်ညထုတ်ပြန်ချက်တွင်သတိ​ပေးထားသည်။

AA သည် ရခိုင်ပြည်နယ် ရှစ်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝ​ဒေသတစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

​မောင်​တော ၊ဘူးသီး​တောင် ၊အမ်း ၊​တောင်ကုတ် စ​သောမြို့နယ်တို့ရှိ စစ်​ကောင်စီတပ်စခန်းများကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်​နေပြီး နာမည်​ကျော် ငပလီကမ်း​ခြေရှိရာ သံတွဲမြို့နယ်ရှိ စစ်​ကောင်စီတပ်ကိုပါစတင်တိုက်ခိုက်လာခြင်းဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *