ဗျူဟာမှူးနှစ်ယောက်ထိုင်သည့် မောင်တော၊ ကြိမ်ချောင်းဗျူဟာစခန်းကို AA သိမ်းပိုက်ရရှိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများထဲမှ တစ်ခုဖြစ်သော မောင်တော၊ ကြိမ်ချောင်း ဗျူဟာစခန်းကြီးကို ရက္ခိုင့်တပ်တော် (AA) က အပြီးတိုင် သိမ်းပိုက်လိုက်ကြောင်း သိရသည်။

မောင်တောမြို့ရှိ စစ်ကောင်စီ၏ ကြိမ်ချောင်း ဗျူဟာစခန်းကို ယမန်နေ့ ဧပြီလ ၁၂ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရယူနိုင်‌ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

“၂၄ ဗျူဟာစခန်းက ထွက်ပြေးလာတဲ့တပ်တွေပါ ကြိမ်ချောင်းဗျူဟာမှာစုနေကြတာ။ အင်အား ရာကျော်ဖမ်းမိတယ်ပြောတယ်။ လေကြောင်းပစ်ကူနဲ့ နတ်မြစ်ဝကနေ လက်နက်ကြီး ပစ်ကူပေးနေတဲ့ကြားက ဗျူဟာစခန်းသိမ်းနိုင်သွားတာ” ဟု ရခိုင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

ရက္ခိုင့်တပ်တော် (AA) အနေဖြင့် ၎င်းစခန်းတစ်ခုလုံးအား အပြီးသတ်သိမ်းပိုက် ရယူနိုင် ရေးအတွက် အဆိုပါစခန်းကို လချီ၍ဝန်းရံပိတ်ဆို့ ဖြတ်တောက်ထားပြီး မတ်လ ၂၃ ရက်တွင်မှ ထိုးစစ်အား အရှိန် အဟုန်မြှင့်တင်လျက်စတင် ပြုလုပ်ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

အဆိုပါ ကြိမ်ချောင်း ဗျူဟာကုန်းသည် နယ်ခြားစောင့်စခန်း- နခခ (၇) ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄၀၀ ခန့်နှင့်အတူ ၎င်းတို့၏ မိသားစုဝင်များ ၁၅၀ ခန့်ရှိသော စခန်းကြီးတစ်ခုဖြစ်‌ကြောင်း သိရသည်။

ဗျူဟာမှူး ဒုဗိုလ်မှူးကြီး မင်းစိုး နှင့် ဒုဗိုလ်မှူးကြီး ရဲမှူးကြီး ဝင်းမြင့်အောင်တို့ ဦးဆောင်ပြီး AA ၏ ထိုးစစ်ကိုအသည်းအသန် ခုခံနေသော ဗျူဟာစခန်းကြီးတစ်ခုဖြစ်‌ကြောင်း သိရ သည်။

ကြိမ်ချောင်းဗျူဟာ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ အလောင်း အမြောက် အမြား၊ သုံ့ပန်းတချို့ နှင့် တပ်မိသားစုဝင်တချို့ကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်း များစွာကိုလည်း သိမ်းဆည်းရမိခဲ့‌ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်၏ ပြောင်မြောက်သော စွမ်းဆောင်ရည်၊ တိုက်ရည်ခိုက်ရည်၊ သတ္တိ၊ အမိန့်နာခံမှု၊ အချိတ်အဆက်ကောင်းမှု၊ အမိန့်၊ တာဝန်တို့အား ဆင့်ကဲ လိုက်နာနိုင်မှုတို့အပေါ် အလေးအနက် အသိအမှတ်ပြုအပ်ပါ‌ကြောင်းနှင့် ဤစခန်းသိမ်းတိုက်ပွဲအတွင်း ပေးဆပ်စွန့်လွှတ်ခဲ့ရသော အာရက္ခ စစ်သည်တော်များကိုလည်း လေးနက်စွာဂါရဝ ပြုအပ်ပါသည်ဟု AA က ထုတ်ပြန်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *