ကျောက်ဆည်နဲ့ ကျုံပျော်မြို့မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှစ်ဦးအပါအဝင် သုံးဦးအသတ်ခံရ

ဧပြီလ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့ နှစ်ရက်အတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်ထည်ဖို့ ကြိုးပမ်းနေတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး နှစ်ဦးနဲ့ ဆက်စပ်သူတစ်ဦး စုစုပေါင်း သုံးဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ် မဲဂရက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဖိုးဆောင်းကို ဧပြီ ၁၂ ရက်နေ့မှာ ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ဆိုပါတယ်။

သတိပေးမှုကို မလိုက်နာတာကြောင့် အခုလိုရှင်းလင်းလိုက်တာလို့ ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“ပြည်သူတွေရဲ့တိုင်ကြားမှုအရ မြို့နယ်အလိုက် ပြည်သူကိုခြိမ်းခြောက်ပြီး ဒုက္ခပေးနေတဲ့ အုပ်ချုပ်ရေးမှူးတချို့အပါအဝင် စစ်ကောင်စီဘက်တော်သားတွေကို သတိပေးမှုတွေ ပြုလုပ်ပြီးပါပြီ။ လိုက်နာမှုမရှိဘဲ ပြည်သူကို အဆိုးရွားဆုံး ဆက်လက်ဒုက္ခပေးနေတဲ့ စစ်ကောင်စီထောက်တိုင်ဖြစ်လို့ နောက်ဆုံးအဆင့် ရှင်းလင်းခဲ့ရခြင်း ဖြစ်ပါတယ်”

စစ်မှုထမ်းဥပဒေကို လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ အုပ်ချုပ်ရေးမှူးတွေကို သတိပေးထားပြီးနောက် အုပ်ချုပ်ရေးမှူး ဦးဖိုးဆောင်းကို ပထမဆုံးအကြိမ် ရှင်းလင်းလိုက်တာလို့ ဆိုပါတယ်။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် အင်ကြင်းရွာအုပ်ချုပ်ရေးမှူး ဦးခင်အောင်နဲ့ ဇနီးဖြစ်သူကိုလည်း စစ်မှုထမ်းဥပဒေကိုအကောင်ထည်ဖို့ ကြိုးပမ်းနေတာကြောင့်ဆိုပြီး ဧပြီလ ၁၁ ရက်နေ့မှာ ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်နဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးတို့ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

စာရင်းတွေအရ စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်ကနေ ဧပြီလ ၂ ရက်အတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ စာရေးတွေနဲ့ ရာအိမ်မှူး စုစုပေါင်း သုံးဆယ်ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရပါတယ်။

ဧရာဝတီတိုင်း ပုသိမ်မြို့ ဘုရားကြီးကုန်းကျေးရွာရှိ ဓမ္မဗိမာန်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်နေ့က ပြုလုပ်နေစဉ်။

အကြမ်းဖက်စစ်တပ်ထံတွင် မဖြစ်မနေ စစ်မှုထမ်းဝင်ရောက်ရမည်ဟု ခြိမ်းခြောက်ငွေညှစ်နေသော စစ်ကောင်စီခန့် မဲဂရက်အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ မဲဂရက်ကျေးရွာအုပ်စု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖိုးဆောင်းကို ဧပြီ ၁၂ ရက် ညနေ ၆:၃၀ ခန့်တွင် မဲဂရက်အုပ်စု၊ ရွာသစ်ကုန်းကျေးရွာအနီး လမ်းမပေါ်တွင် ပုသိမ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဟင်္သာတမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ ပစ်ခတ်ရှင်းလင်းခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖိုးဆောင်းသည် စစ်ကောင်စီမတရားအာဏာသိမ်းပြီးကာလမှ အုပ်ချုပ်ရေးမှူးဖြစ်လာသော စစ်ထွက်လူမိုက်ဖြစ်ပြီး အကြမ်းဖက်စစ်တပ်ခိုင်းစေသည့်အတိုင်း ပြည်သူများအား ခြိမ်းခြောက်အနိုင်ကျင့် ငွေကြေးတောင်းခံခြင်း၊ လောင်းကစားဝိုင်းများဦးဆောင်ပြုလုပ်ခြင်း၊ စစ်မှုထမ်းဥပဒေကိုအကြောင်းပြ၍ ကျေးရွာနေပြည်သူများအား မတရားငွေကြေးတောင်းခံခြင်းများပြုလုပ်နေသူလည်း ဖြစ်ပါသည်။ထိုသို့ စစ်ကောင်စီအလိုကျ ပြည်သူအား ဒုက္ခပေးနေသည်များကို ဆက်လက်မလုပ်ဆောင်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ အကြိမ်ကြိမ်သတိပေးသော်လည်း လိုက်နာခြင်းမရှိဘဲ စစ်မှုထမ်းဥပဒေအား ပြတ်ပြတ်သားသားပုံဖော်မည်ဟု ကြွေးကြော်ကာ ဆက်လက်ဆောင်ရွက်နေသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီဒေါက်တိုင် အုပ်ချုပ်ရေးမှူးဖိုးဆောင်းသည် မဲဂရက် – ရှားခဲ လမ်းမပေါ်တွင်ပင်သေဆုံးကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါသည်။ ဧရာဝတီတိုင်းအတွင်းရှိ အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများသည် စစ်ကောင်စီအလိုကျ ပြည်သူ့စစ်ဖွဲ့စည်းရန် ပြည်သူများအား အဓမ္မခြိမ်းခြောက် ဖိအားပေးလုပ်ဆောင်ပါက ဆက်လက်၍တိုက်ခိုက်ရှင်းလင်းသွားမည်ဟု ပုသိမ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ သတိပေးထုတ်ပြန်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *