စစ်သင်တန်းကျောင်းသို့ သွားသော စစ်ကားခြောက်စီး အား တိုက်ခိုက်မှု ၂၀ ခန့်သေဆုံး၊ ၄၅ ဦးအရှင်ဖမ်းမိ

အရာတော်မြို့နယ်မှစစ်အခြေခံသင်တန်းကျောင်းသို့ သွားသော စစ်ကောင်စီကားခြောက်စီးအား တိုက်ခိုက်ခဲ့ရာ ကားသုံးစီးပျက်ပြီး သင်တန်းသားများအပါအဝင် ၂၀ဦးခန့်သေဆုံးခဲ့ကာ ၄၅ ဦး အရှင်ဖမ်းမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)ဒေသကသတင်းထုတ်ပြန်သည်။

“မုံရွာနမခကနေ ထွက်လာတာ။ ကားသုံးစီးက ပြည်သူတွေနဲ့နီးသွားလို့ မပစ်တော့ လွတ်သွားတာ။ကျန်တာရလိုက်တယ်။ ကားတစီးက မီးလောင်ပြီး နှစ်စီးက သုံးမရတော့ဘူး”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဦးကပြောသည်။

ဧပြီ(၁၂)ရက်နေ့က မုံရွာခရိုင်၊ မုံရွာမြို့ (နမခ) ထပရ-၉၂၉ မှ အရာတော်မြို့နယ် (စခတ-၁၀)စစ်အခြေခံသင်တန်းကျောင်းသို့သွားသော သင်တန်းသားအသစ် (၂၅၀) ဦးပါ စစ်ကောင်စီ၏ ၁၂ ဘီးကား (၅) စီးနှင့် Express ကား (၁) စီးအား အရာတော်မြို့နယ်၊ ကမ်းဖြူရွာအနီး၌ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း အမှတ်(၁)စစ်ဒေသရုံးက ယနေ့(ဧပြီ၁၄)တွင် သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုကြောင့် စစ်ကား (၃) စီး ပျက်စီးပြီး ယာဥ်တန်းပါ ဗိုလ်ကြီး (၁) ဦးအပါအဝင် သင်တန်းသား (၂၀) ခန့် သေဆုံးပြီး (၁၅) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမှတ်(၁)စစ်ဒေသရုံးက အသိပေးသည်။

ထို့အပြင် ဒု-အရာခံဗိုလ် (၁) ဦး၊ တပ်ကြပ်ကြီး (၁) ဦး၊ တပ်ကြပ် (၁) ဦး၊ အားကစားသိပ္ပံမှ (၁) ဦးနှင့် သင်တန်းသား အသစ် (၄၅) ဦးအား ဖမ်းဆီးရမိကြောင်း အမှတ်(၁)စစ်ဒေသရုံးက ထပ်မံအသိပေးသည်။

“ဖြစ်စဥ်က ဟုတ်ပါတယ်။ လောလောဆယ်စစ်ကြောင်းပြန်ထိုးနေတယ်။ နောက်ထပ်အင်အားတပ်ကူဖြည့်ပြီး စစ်ကြောင်းထိုးနေတယ်။ ပစ်ခတ်မှုတွေလည်းရှိနေတယ်။”ဟု Danger Force LPDFအဖွဲ့၏ တာဝန်ရှိသူက ယနေ့ ဧပြီ(၁၄)ရက် နံနက်ပိုင်းတွင်လူထု​နွေဦးသို့ ပြောသည်။

ထိုစစ်အုပ်စုထံမှ လက်နက်ငယ် (၇) လက်၊ ကျည်မျိုးစုံ (၅၅၀၀) ခန့်၊ ဗုံးသီး မျိုးစုံ (၈၀) ခန့်၊ RPG-7 ဒုံးသီး (၁၀) လုံး၊ မိုင်းမျိုးစုံ (၇၀) ခန့်၊ Jammer စက်အကြီး (၁) လုံး၊ ကျည်အိမ် (၇) ခု၊ Detonater (၅၀) ချောင်း၊ ကျည်ကာ ဦးထုပ် (၃) လုံး၊ စစ်ဖိနပ် (၂၀) ရံ၊ Equipment (၁) ခု၊ ကျောပိုးအိတ် (၁) လုံး၊ ဖိုင်တွဲ (၈၈) ဖိုင် သိမ်းဆည်းရမိကြောင်း အမှတ် (၁) စစ်ဒေသရုံးက ထုတ်ပြန်သည်။

အဆိုပါယာဉ်တန်း၌ စုစုပေါင်းအင်အား ၂၅၀ခန့်ပါဝင်ပြီး သေဆုံးသူနှင့်ဖမ်းမိသူများမှလွဲ၍ ကျန်သူများသည် ကားသုံးစီးဖြင့်ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

ထိုစစ်ဆင်ရေးအား မုံရွာခရိုင် တပ်ရင်း (၆၊ ၁၉၊ ၂၄)၊ မုံရွာခရိုင် ကွန်မန်ဒိုတပ်ဖွဲ့၊ မုံရွာခရိုင် လက်နက်ကြီးတပ်ဖွဲ့၊ အရာတော်မြို့နယ် ပကဖ၊ အရာတော်မြို့နယ် တိုက်နယ်-၁၁ ပကဖ၊ မိတ္ထီလာခရိုင် တပ်ရင်း-၂၊ Danger Force LPDF၊ ကျားသစ်နက် LPDF နှင့် Special Revolution Force LPDF အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ဖမ်းဆီးရမိသော စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်သင်တန်းသားများ၊ လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-အမှတ် (၁) စစ်ဒေသရုံး)

Leave a Comment