ကော့နွဲရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီတပ်စွဲထားပြီး အာရှလမ်းမကြီးမှတဆင့် မြဝတီဘက်တက်ရန် ကြိုးစားနေဆဲ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၆) ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့ အနီးရှိ ကော့နွဲကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀၀)ခန့် ဧပြီလ(၁၃)ရက်နေ့အထိ တပ်စွဲထားပြီး အာရှ လမ်းမကြီးမှတဆင့် မြဝတီမြို့ဘက်သို့ စစ်ကူတက်ရန်ကြိုးပမ်းနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ဦးဆောင်သည့် PDF တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲကြောင့် နေရပ်ပြောင်းရွှေ့နေထိုင်နေရသော ကော့နွဲရွာသို့ ယခုလို အင်အားအလုံးအရင်းဖြင့်တပ်စွဲလာခြင်းအပြင် လက်နက်ကြီးများရွာအတွင်းပစ်ချသဖြင့် နေထိုင်သူဒေသခံတစ်ဦးမျှ မကျန်ရှိတော့ကြောင်း ကော့နွဲရွာခံများကကေအိုင်စီကိုပြောသည်။

“မနေ့(ဧပြီ ၁၃ ရက်)က အလုံးကြီးတွေ ကော့နွဲရွာထဲပစ်ချတယ်။ ရွာထဲမှာ ကတစ်ယောက်နှစ် ယောက်နေ တာရှိသေးတယ်။ အခုတော့ထွက်ပြေးကုန်ပြီ၊ ပစ်ချပြီးတော့ သံချပ်ကာကားတွေနဲ့တက်လာကြတယ် ။ စစ်ကား တွေအပြည့်ပဲ၊ စစ်သားတွေလည်းအများကြီးပဲ၊ နှစ်ရာလောက်ရှိမယ်။ ရွာထဲမှာတချို့နေပြီး အာရှလမ်းမပေါ်ကိုတချို့ဝင်တယ်။” ဟု ရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါစစ်ကောင်စီတပ်များသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကုန်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့များ ဖောက်ခွဲ ဖျက်ဆီးမှုကြောင့် ပြိုကျပျက်စီးသွားသော အာရှလမ်းမပေါ်ရှိ ကော့နွဲရွာတံတားအား ပြန်လည်ပြုပြင်၍ လမ်းမကြီး ပေါ်တက်ရန်ကြိုးပမ်းနိုင်သလို ကော့နွဲရွာအတွင်းရှိစဥ် တစ်ကြိမ်၊ အာရှလမ်းမပေါ်တက်ရန်ကြိုးစားစဥ် တစ်ကြိမ် တော်လှန်ရေးတပ်ဖွဲ့၏ကြားဖြတ်တိုက်ခိုက်ခံရကြောင်းလည်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

အထက်ပါ အမျိုးသမီး ဆက်လက်၍ “ကော့နွဲရွာထိပ်ကတံတားပျက်သွားပြီဆိုပေမယ့် သံပြားနဲ့ပြန်ခင်းရင်တော့ သွားလို့ရမရမသိဘူး။ မနေ့တုန်းကတစ်ခါ သူများ(တော်လှန်ရေးအဖွဲ့) သူတို့ကိုလာတိုက်သေးတယ်။ သူများ လာမတိုက်ခင်ကတည်းက လက်နက်ကြီးပစ်ချတာ။ သူတို့အာရှလမ်းဘက်ကိုတစ်ခါတက်တော့လည်း သူများလာတိုက်သေးတယ်။ အဲဒီတုန်းကလည်းလက်နက်ကြီးပစ်တယ်။” ဟု ကေအိုင်စီသို့ပြောသည်။

မြဝတီမြို့အပြင်ဘက်ရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ-၂၇၅ ကို ပြီးခဲ့သည့် ဧပြီလ(၁၁)ရက်နေ့က ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့မှ သိမ်းပိုက်နိုင်ခဲ့အပြီး စစ်ကောင်စီသည် မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် မော်လမြိုင်-သထုံ-ဖားအံဘက်မှတဆင့် စစ်အင်အားအများပြား စစ်ကူပို့ဆောင်နိုင်ရေး ကြိုးပမ်းနေခြင်းဖြစ်သည်။

ထို့အပြင် ၎င်းတို့တက်လာရာလမ်းကြောင်းရှိ ကျုံဒိုးချောင်းဖျား၊ မြပတိုင် နေရာမျာတွင် တော်လှန်ရေးတပ်ဖွဲ့မှ လမ်းကြောင်းဖြတ်တောက်တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်၏ဖောကားတစ်စီး ပျက်စီးပြီး တပ်ဖွဲ့ဝင် (၃၀)နီးပါး သေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်း၏ထုတ်ပြန်ချက်အရ ယမန်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီက ၎င်းတို့တက်လာရာလမ်းတစ်လျှောက် လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေသည့်အတွက် တော်လှန်ရေးအင်အားစုများ၏ခွင့်ပြုချက်မရှိသော နေရာများသို့ ဖြတ်သန်းသွားလာခြင်းမပြုရန် ကျားဖြူစစ်ကြောင်းက တိုက်တွန်းနှိုးဆော်ထားသည်။

ပြီးခဲ့သည့် ဧပြီလ(၁၂)ရက် (၁၃)ရက်များတွင်လည်း စစ်တပ်ကလမ်းကြောင်းရှင်းလက်နက်ကြီးပစ်ခတ်သဖြင့် ကော့ကရိတ်မြို့အနီး မောင်းမရွာသစ်ကျေးရွာနေ အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ရသလို နောက်ထပ် ဒေသခံ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထိုဒေသခံများထံမှ သိရသည်။

Photo: CJ


Comments

Leave a Reply

Your email address will not be published. Required fields are marked *