ချောင်းဦးတွင် အိမ်စီးကားဖြင့်လာသော စစ်သားသုံးဦးအား PDFများတိုက်ခိုက်ရာ ကားထား၍ ထွက်ပြေး

တစ်ဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာပြင်းထန်၊ စစ်တပ်က ချောင်းဦးမြို့ပေါ် မီးရှို့၍ နေအိမ် ၁၄ လုံး မီးလောင်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်တွင် အိမ်စီးကားဖြင့်လာသော စစ်ကောင်စီတပ်သား သုံးဦးအား PDFများက ပစ်ခတ်တိုက်ခိုက်ရာ ကားထား၍ ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

ဧပြီ ၁၁ရက် ညနေ ၄နာရီခန့်က ချောင်းဦးမြို့ ရဲစခန်းမှ အိမ်စီးကားဖြင့် ကင်းလှည့်ရန် ထွက်လာသော စစ်ကောင်စီတပ်သားများကို ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး(BLDF တပ်ခွဲအညာမိုင်းအဖွဲ့)က ချောင်းဦးမြို့ပေါ် တနေရာတွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ကားပေါ်ပါ စစ်ကောင်စီတပ်သား သုံးဦး ဒဏ်ရာများဖြင့် ထွက်ပြေးသွားခဲ့ပြီး ၎င်းတို့ စီးလာခဲ့သော ကားအား ထားခဲ့၍ ထွက်ပြေးသွားခြင်း ဖြစ်သည်။ အဆိုပါ ကားပေါ်မှ ဖုန်း နှစ်လုံးနှင့် Tiger ဘီယာဖာ သုံးဖာ သိမ်းဆည်းရမိကြောင်း BLDF တပ်ခွဲအညာမိုင်းအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“ကားပါ်မှတင် ထိတာပါ။ ထိပြီးမှဆင်းပြေးတာပါ။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ဒဏ်ရာရသူ သုံးဦးအနက် တစ်ဦးသေဆုံးပြီး ကျန် နှစ်ဦးမှာလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ထပ်မံသတင်းရရှိသည်ဟု BLDF က ဆိုသည်။

ထိုနေ့ညပိုင်းတွင် စစ်ကောင်စီတပ်က ချောင်းဦးမြို့၊ ပွဲရပ်အနောက်ပိုင်း(၂)ရပ်ကွက်ရှိ နေအိမ်များကို မီးရှို့ခဲ့ရာ နေအိမ် ၁၄လုံး မီးလောင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

မီး​ရှို့ခံရသည့် နေအိမ်များမှာ အရေးပေါ်အကူအညီများလိုအပ်နေကြောင်း စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က အသိပေးသည်။

(သိမ်းဆည်းရမိသော စစ်ကောင်စီတပ်၏ အိမ်စီးကားနှင့် ကားပေါ်ပါ ဘီယာဖာများအား တွေ့ရစဥ် ။ဓာတ်ပုံ – BLDF)


Comments

Leave a Reply

Your email address will not be published. Required fields are marked *