ပြင်ဦးလွင်အခြေစိုက် စစ်တက္ကသိုလ် (DSA) နဲ့ တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) နားတစ်ဝိုက်ကို ဧပြီလ ၁၄ ရက်နေ့ညပိုင်းမှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မှာ သင်္ကြန်ရေကစားဖို့ရောက်နေတဲ့ တစ်ချိန်တည်းမှာပဲ အခုလိုပစ်ခတ်တိုက်ခိုက်သံတွေကြားရတာလို့ ဆိုပါတယ်။
ဒီနေ့ည ကိုးနာရီကျော်ကနေ ဆယ်နာရီကျော်လောက်ထိ အချက်ပေါင်း ၄ဝ လောက် ပစ်ခတ်ပေါက်ကွဲသံတွေကြားခဲ့ရတယ်လို့ အနီးနားမှာနေတဲ့ ဒေသခံကပြောပါတယ်။
“ဒုံးတွေ ကျသံကြားပြီးနောက် DSA နဲ့ DSTA တပ်ထဲတွေကို မီးဖြတ်လိုက်တယ်။ စစ်ကားတွေရော၊ လူမှုကူညီရေးကားတွေရော ရှုပ်နေတယ်။
DSA ဝန်းထဲကျတယ်လို့ သိထားတယ်၊ ညဘက်ဆိုတော့သေချာတော့ မသိသေးဘူး၊ မနက်ဖြန် သူ(စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) မဏ္ဍပ်ထိုင်မယ်လို့ ကြားတယ်။ အဲဒါသတင်းရလို့ လာပစ်တာထင်တယ်”
နောက်ထပ်ဒေသခံတစ်ဦးကလည်း ..” DSA ကျောင်းကိုပစ်တာ၊ တခြားနေရာတွေလည်းကျတယ်ကြားတယ်။ ရှော့တိုက်ဒုံးနဲ့ ပစ်တာ၊ ပင်စည်ဘက်က ဘုန်းကြီးကျောင်းနဲ့ ဆေးရုံကြီးအရိုးဆောင်လည်း ထိတယ်လို့ကြားတယ်၊ သေချာတော့ မသိသေးဘူး” လို့ပြောပါတယ်။
ပြင်ဦးလွင်ဒေသခံတစ်ဦး လူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့ ဗီဒီယိုဖိုင်မှာလည်း ရှော့တိုက်ဒုံးတွေနဲ့ အချက်ပေါင်းများစွာ ဆက်တိုက်ပစ်နေတာကို တွေ့ရပါတယ်။
ဒီပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ နောက်ဆက်တွဲအခြေအနေတွေကို စုံစမ်းနေဆဲဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကို မေးမြန်းဖို့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းဆီ ဖုန်းဆက်ခဲ့ပေမဲ့ လတ်တလောပြန်ဖြေတာမရှိပါဘူး။
Leave a Reply