အရာတော်မှာ စစ်ကားတန်းကို တိုက်ခိုက်ရာ စစ်အုပ်စု (၂၀) သေ၊ (၄၉)ဦး ဖမ်းမိ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ စစ်သင်တန်းသားတွေ သယ်လာတဲ့ ကားခြောက်စီးပါ စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး အပါအဝင် စစ်အုပ်စု (၂၀) သေပြီး ဒု-အရာခံဗိုလ် အပါအဝင် စစ်အုပ်စုနဲ့ သင်တန်းသား (၄၉)ဦး ဖမ်းမိတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) စစ်ရုံးချုပ် က သတင်း ထုတ်ပြန်ပါတယ်။

ဧပြီ(၁၂)ရက် နေ့လည်ပိုင်းက မုံရွာမြို့ စစ်အုပ်စုရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)၊ (ထောက်ပို့တပ်ရင်း) ထပရ-၉၂၉ ကနေ စစ်သင်တန်းသား (၂၅၀)ကို (၁၂)ဘီးကား ငါးစီး၊ Express ကား တစ်စီး၊ စုစုပေါင်း ကားခြောက်စီးနဲ့ တင်ပြီး အရာတော်မြို့ (စစ်အခြေခံလေ့ကျင့်ရေးတပ်) (စခတ-၁၀) ဘက် လာပို့တဲ့ ကားတန်းကို မုံရွာ – အရာတော် လမ်း၊ အရာတော်နယ်၊ ကမ်းဖြူရွာအနီးမှာ ကြားဖြတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“တိုက်ပွဲအတွင်း ရန်သူ့တပ်ထံမှ လက်နက် မျိုးစုံ ခြောက်လက်၊ ခဲယမ်းမီးကျောက်များနှင့် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး ဗိုလ်ကြီး တစ်ဦး အပါအဝင် (၂၀)ဦး သေဆုံး၊ (၁၅)ဦး ထိခိုက် ဒဏ်ရာရကာ စစ်သုံ့ပန်း (၄၉) ဦး ဖမ်းဆီးရမိခဲ့သည်။ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီး ရမိသူများထဲတွင် အဓမ္မလူသစ် စုဆောင်း ခံရသူများ ပါဝင်ကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်” လို့ MOD က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို အမှတ်(၁)စစ်ဒေသ၊ မုံရွာခရိုင် ကွပ်ကဲမှုနဲ့ မုံရွာခရိုင် ကွန်မန်ဒို တပ်ဖွဲ့၊ မုံရွာခရိုင် လက်နက်ကြီး အဖွဲ့၊ မုံရွာခရိုင် တပ်ရင်း (၆၊ ၁၉၊ ၂၄)၊ အရာတော်မြို့နယ် ပကဖ၊ အရာတော်မြို့နယ် တိုက်နယ် (၁၁) ပကဖ၊ မိတ္ထီလာခရိုင် တပ်ရင်း (၂)၊ Danger Force LPDF၊ ကျားသစ်နက် LPDF၊ Special Revolution Force LPDF အဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်အုပ်စု ကားတန်း လာမယ်ဆိုတာ သတင်းရခို့ နှစ်ရက်လောက် ကြိုတင်စောင့်ဆိုင်း နေရာယူပြီး တိုက်ခိုက်ခဲ့တာလို့ မြေပြင်တိုက်ပွဲမှာ ကိုယ်တိုင် ပါဝင်တိုက်ခိုက်ခဲ့သူ Generation Z Army – GZ တပ်တော် ရဲ့ တပ်ခွဲ၊ ကျားသစ်နက် LPDF အဖွဲ့က ဗိုလ်ပြောင်းပြူးက MFP ကို ပြောပါတယ်။

“ခွေးကြောင်းက မုံရွာ နမခကနေ အရာတော်ကို ပို့မှာ။ ပို့မယ်ဆိုတာကို သတင်းရထားလို့ ကျနော်တို့ ကြိုစောင့်နေတာ နှစ်ရက်ရှိပြီ။ နှစ်ရက်မြောက်နေ့မှာ တက်လာတာ။ ကားက ငါးစီး။ ငါးစီးကို သုံးစီးရလိုက်တယ်” လို့ GZ တပ်တော် ရဲ့ တပ်ခွဲ၊ ကျားသစ်နက် အဖွဲ့က ဗိုလ်ပြောင်းပြူးက ပြောပါတယ်။

အဲ့ဒီ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အရာတော် – မုံရွာ ကားလမ်း၊ ကမ်းဖြူရွာအနီးမှာ မီးလောင်ထားတဲ့ စစ်ကားတွေ ရှိနေဆဲလို့ ဒေသခံတွေက ပြောပါတယ်။

“ညနေ(၃)နာရီလောက်ကနေ ည(၈)နာရီလောက်အထိ ပစ်ခတ်တိုက်ခိုက်သံတွေ ကြားရတယ်။ အခုလည်း အဲ့ဒီ တိုက်ပွဲ ဖြစ်တဲ့နေရာမှာ စခ အလောင်းတွေနဲ့ မီးလောင်ထားတဲ့ ကားတွေ ရှိနေသေးတယ်တဲ့” လို့ ဒေသခံ သတင်း ရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲ ဖြစ်ပြီးနောက် စစ်အုပ်စုက အရာတော်နယ်ထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့နေပြီး ဧပြီ(၁၃)ရက် သင်္ကြန်အကြိုနေ့ မနက်ပိုင်း အရာတော်နယ်၊ အနောက်ခြမ်းက အိမ်ခြေထောင်ချီရှိတဲ့ ဝါးတောမရွာ အပါအဝင် စည်သာ၊ မကျီးစု၊ အောင်ချမ်းသာ၊ မှော်တော-ဘော်ကုန်း စတဲ့ ကျေးရွာတွေကို စီးနင်းကာ ပြည်သူနှစ်ဦးကို သတ်ဖြတ်ပြီး နေအိမ်တွေ မီးရှို့ ဖျက်ဆီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဧပြီ(၁၃)ရက် သင်္ကြန်အကြိုနေ့ ညနေပိုင်းမှာ အရာတော်နယ် တောင်ခြမ်းက ကံရင်းနဲ့ မလဲသာရွာတွေကို လေကြောင်းဗုံးကြဲပြီး လေကြောင်းကနေ အင်အားချကာ စီးနင်း အကြမ်းဖက်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စု ရန်ကြောင့် အရာတော်နယ် ကျေးရွာ (၁၀)ရွာခန့်က သောင်းနဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေး နေရပါတယ်။

မုံရွာ – အရာတော်လမ်းမှာ စစ်သားသစ် စုဆောင်းထားသူတွေ တင်ခေါ်လာတဲ့ စစ်အုပ်စု ကားတန်းကို တိုက်ခိုက်ခဲ့စဉ်/ (MOD၊ ကျားသစ်နက် တပ်ခွဲ – GZ တပ်တော်)


Comments

Leave a Reply

Your email address will not be published. Required fields are marked *