နှစ်လကျော်အတွင်း CNDF ထံ တော်လှန်ရေး ရဲဘော်အဖြစ် ဝင်ရောက်လာသူ (၂၀၀)ကျော် ရှိ

ချင်းအမျိုးသား ကာကွယ်ရေးတပ် (CNO/CNDF) တပ်ဖွဲ့ထံ ဖေဖော်ဝါရီက‌နေ ဒီနေ့အထိ နှစ်လကျော်အတွင်း တော်လှန်ရေးရဲဘော်အဖြစ် ဝင်ရောက်လာသူ (၂၀၀)ကျော် ရှိတယ်လို့ CNDF စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

တော်လှန်ရေး ရဲဘော်သစ် အဖြစ် ၀င်ရောက်လာသူတွေဟာ ချင်းပြည်နယ် ဖလမ်းနဲ့ တီးတိန် ဒေသ၊ စစ်ကိုင်းတိုင်း ကလေးနဲ့ တမူးဒေသနဲ့ မကွေးတိုင်းဘက်က‌ လူငယ်လူရွယ်တွေ ဖြစ်ပြီး အများစုဟာ အသက်(၃၀)အောက် လူငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

“သင်တန်းဆင်းကတော့ (၂၀၀)၊ (၃၀၀)ကြားမှာ ရှိတယ်။ နောက်ထပ် သင်တန်းတက်မဲ့သူက ရာဂဏန်း ရောက်နေပြီ။ သင်တန်းထဲမှာ အမျိုးသမီးနဲ့ CDM တချို့ပါတယ်” လို့ CNDF စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

ချင်းပြည် အခြေပြု တော်လှန်ရေး အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ ချင်းအမျိုးသား အဖွဲ့ချုပ်/ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ဟာ နွေဦးတော်လှန်ရေးမှာ ပေါက်ဖွားလာတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး ဧပြီ(၁၃)ရက်က CNDF တည်ထောင်ခြင်း သုံးနှစ် ပြည့်ခဲ့ပါတယ်။

သုံးနှစ်ကာလအတွင်း စစ်အာဏာရှင် အမြစ်ဖြတ်ရေးအတွက် တိုက်ပွဲ(၁၇၀)ကျော် ပါ၀င် တိုက်ခိုက်ခဲ့ပြီး အဲ့ဒီ တိုက်ပွဲတွေအတွင်း CNDF ရဲဘော် (၄၈)ဦး ကျဆုံးကာ (၄၂)ဦး ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရတယ်လို့ CNDF က ထုတ်ပြန် ထားပါတယ်။

ဒါ့အပြင် သုံးနှစ်တာအတွင်း ဖလမ်းမြို့နယ် အတွင်းမှာ ရှိတဲ့ သီးဘွာလ် စစ်အုပ်စုစခန်း၊ ဗားရ် စစ်အုပ်စုစခန်း နှစ်ခုကို CNDF က သိမ်းပိုက် နိုင်ခဲ့ပြီး စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြောက်စည်း ရဲစခန်း၊ ထင်းရှူးစခန်း၊ ဆယ်ပေါင်စခန်း၊ မတူပီမြို့နယ်က ထယ်ဘွေးစခန်း တွေကိုလည်း ချင်းကာကွယ်ရေး တပ်တွေနဲ့ ပူးပေါင်း သိမ်းပိုက် ထားပါတယ်။

ချင်းအမျိုးသားကာကွယ်ရေးတပ် – CNDF ရဲ့ စစ်သင်တန်းသား ရဲဘော်တွေကို ဧပြီ(၁၄)ရက်က တွေ့ရစဉ်/Photo – CNDF


Comments

Leave a Reply

Your email address will not be published. Required fields are marked *