ရေစကြိုထွေအုပ်ရုံးရှေ့ ရေကစားနေသည့် စစ်ကောင်စီတပ်သားများ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ

ရေစကြိုမြို့ ထွေ/အုပ်ရုံးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သင်္ကြန်ပွဲလုပ် သောက်စားပျော်ပါးနေစဉ် ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

စစ်တပ်က ရပ်ကွက်အတွင်းရှိ ပြည်သူ့နေအိမ် ၂ လုံးကိုမီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ ရေစကြို့မြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ သင်္ကြန်ပွဲပြုလုပ်ကာ သောက်စား ပျော်ပါးနေသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲကပြောကြားသည်။

ဧပြီ ၁၄ရက် သင်္ကြန်အကျနေ့ ညနေ ၄ နာရီခွဲခန့်က ရေစကြိုမြို့ရှိ စစ်ကောင်စီတပ်အထိုင်ချရာ ရုံးပေါင်းစုံ (ထွေအုပ်ရုံး)ရှေ့၌ ရေကစားနေစဥ် တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

ယမန်နေ့ ဧပြီလ ၁၄ ရက် ညနေ ၄ နာရီ မိနစ် ၂၀ အချိန်ခန့်က ရေစကြိုမြို့ အထွေထွေအုပ်ချုပ်ရေး မှူးရုံး၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများသည် သင်္ကြန်ပွဲပြုလုပ်၍ သောက်စားပျော်ပါးနေ စဉ် ပြောက်ကျားနည်း ဗျူဟာသုံး၍ ၄၀ မမ၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“၄၀ မမနဲ့ ဆော်တာက မသေဘူး၊ သေနတ်နဲ့ ဝင်ပစ်တာက သေတာ၊ စစ်ခွေးတွေ မီးရှို့တဲ့ နေအိမ် ၂ လုံး ကတော့ ပြာကျသွားတယ်။ လူနေလား၊ မနေလားတော့ ကျနော်တို့လည်း မသိဘူး” ဟု Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲကပြောကြားသည်။

“ထွေအုပ်ရုံးထဲ တပ်စွဲထားတဲ့ စခတွေပါ။ နေ့ခင်းပိုင်း မူးရူးသောက်စားပြီး ဝင်ရှို့တာ။”ဟုပြောသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်သားများက အော်ဟစ်ဆဲဆိုကာ ရေစကြိုမြို့၊ ထင်း တန်းရပ်ကွက်နှင့် နဂါးရုံရပ်ကွက်မှ ပြည်သူ့နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT)တပ်ဖွဲ့ နှင့်အတူ YSO-TPG ပြောက်ကြား တပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ မြို့ပြများကို ထိုးဖောက်ဝင်ရောက် တိုက်ခိုက်နိုင်ရန်အတွက် “မြို့ပြဆီသို့” ကမ်ပိန်းအား ပူးပေါင်းပါဝင်ကူညီပေးကြပါရန် Myingyan Black Tiger (MBT)တပ်ဖွဲ့ က ထုတ်ပြန်ထားသည်။

ရေစကြိုမြို့ ထင်းတန်းရပ်ကွက်သည် စစ်ကောင်စီတပ်၏ မကြာခဏဝင်ရောက်ခံရပြီး ဧပြီ ၅ ရက် ညကလည်း နေအိမ်တစ်လုံးမီးရှို့ခံရကာ လက်နက်ကြီးဖြင့်လည်း ပစ်ခတ်ခံခဲ့ရသေးသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *