PDF ထောက်ပံ့သည်ဟု စွပ်စွဲကာ ဒေသခံမိသားစုလိုက် ဖမ်းဆီးသွားသည့် စစ်ကြောင်း မိုင်းထိမှန်ပြီး နှစ်ဦးသေ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ပေါင်းတည်မြို့နယ် သစ်ပုတ်ကျေးရွာတာဝါတိုင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် ဒေသခံ မိသားစု နှစ်စုကို PDFများကို ထောက်ပံ့သည်ဟု စွပ်စွဲကာ ဖမ်းဆီးပြီးနောက် လူသားဒိုင်းလုပ်ဆောင်ကာ စစ်ကြောင်းထွက်လာစဉ် ဒေသကာကွယ်ရေး တပ်ဖွဲ့များမှ မိုင်းများဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ နှစ်ဦး သေဆုံးပြီး ခြောက်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ၃၆၀၁ PPDFတပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ထံမှ သိရသည်။

ဧပြီလ ၁၄ရက်နေ့တွင် ရုပ်ဆိုင်ကျေးရွာမှ ဒေသခံမိသားစုနှစ်စုကို ဖမ်းဆီးပြီးနောက် စစ်ကြောင်းထွက်စဉ် သစ်ပုတ်ကျေးရွာအနီး၌ ပဒေသာမိုင်း လေးလုံးဆွဲကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ ရုပ်ဆိုင်က မိသားစုတွေကို PDF ထောက်ပံ့တယ်ဆိုပြီး ဖမ်းတာလို့သိရတယ် မိုင်းဆွဲတိုက်ခိုက်တာ ၂ ဦးသေပြီး ၆ ဦးဒဏ်ရာရပါတယ် ကျွန်တော်တို့ မြင်တာပါ” ဟု ၃၆၀၁ PPDFတပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ပြောသည်။

ရုပ်ဆိုင်ရွာမှ ဖမ်းဆီးခံရသူများထဲတွင် အသက် (၆) နှစ်အရွယ် ကလေးငယ်နှစ်ဦးပါဝင်ကြောင်းကိုလည်း ခိုင်မာသော သတင်းရင်းမြစ်ထံမှ သိရသည်။

စစ်ကောင်စီတပ်သည် သေဆုံးအလောင်းနှင့် ဒဏ်ရာရလူနာများကို ည (၈) နာရီခန့်တွင် သစ်ပုတ်တာဝါတိုင် အထိုင်စခန်းသို့ သယ်ဆောင်သွားပြီး ည ၉ နာရီခန့်တွင် ပေါင်းတည်မြို့ဘက်သို့ ကားဖြင့်ထပ်မံသယ်ဆောင်သွားကြောင်း အထက်ပါသတင်းတာဝန်ခံမှ ဆက်ပြောသည်။

စစ်ကောင်စီတပ်သည် တိုက်ခိုက်မှုဖြစ်စဉ်အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း တောထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုမရှိဟု သိရသည်။

ထို့ပြင် ဧပြီလ ၁၂ ရက်နေ့ကလည်း ပေါက်ခေါင်းမြို့နယ်၊ တောင်ရွာနှင့် ပါးပြင်ရွာ လမ်းဘေးရှိ ဇရပ်တွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ကို ဒေသခံတော်လှန်ရေးတပ်များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *