ရေနံချောင်းမြို့နယ်၊ ဆယ်ရွာကျေးရွာအုပ်ချုပ်ရေးမှူး ရာတင် စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ် စုဆောင်းရန် စာ ရင်းပြုစုနေစဉ် ပစ်ခတ်ခံရ

ကြောက်လန့်တကြား အော်ဟစ် ထွက်ပြေးသော်လည်း မလွတ်ဘဲ သေဆုံး

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ဆယ်ရွာကျေးရွာအုပ်ချုပ်ရေးမှူး ရာတင်သည် စစ်မှုထမ်းဥပဒေဖြင့် တပ် သားသစ် စုဆောင်းရန် စာရင်းပြုစုနေစဉ် ပစ်ခတ်ခံရပြီး ကြောက်လန့်တကြား အော်ဟစ် ထွက်ပြေးသော်လည်း မလွတ်ဘဲ သေဆုံးသွားကြောင်း ဒေသပြည်သူများကပြောဆိုကြသည်။

ဧပြီလ ၁၅ ရက်နေ့ ည ၉ နာရီအချိန် မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ရုံးကုန်းအုပ်စု၊ ဆယ်ကျေးရွာအုပ်ချုပ်ရေးမှူး ရာတင်သည် နေအိမ်တွင် တပ်သားသစ်စုဆောင်းရေး စာရင်းပြုစုနေစဉ် အိမ်အတွင်းသို့ သေနတ်သမားများက ဝင်ရောက်ပစ်ခတ်ရာ ပထမတစ်ချက်နောက်ကျောမှန်ပြီး ထွက်ပြေးခဲ့ကြောင်း၊ ထိုသို့ ထွက်ပြေးနေစဉ် သေနတ်သမားလိုက်လံပစ်ခတ်ရာ ကျည် ၆ ချက်တိတိမှန်၍ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးကြောင်း သိရှိရသည်။

“သေနတ်သမားတွေ အိမ်ထဲဝင်ပစ်တော့ အဲဒါ ပထမအချက် နောက်ကျောမှန်တယ်။ သူက “မလုပ်ပါနဲ့ ကြောက်ပါပြီဗျ” ဆိုပြီး အော် ပြေးရင်း ပြေးရင်းနဲ့ ကျည် ၆ ချက် ထိပြီး ပွဲချင်းပြီး သေတယ်” ဟု အခင်းဖြစ်စဉ်ကို တွေ့မြင်ကြားသိရသူတစ်ဦးကပြောသည်။

ဆယ်ကျေးရွာ အုပ်ချုပ်ရေးမှူး ရာတင်သည် စစ်ကောင်စီ ခိုင်းစေသမျှ တသွေမတိမ်း လိုက်လံ လုပ်ဆောင်နေသူဖြစ်ပြီး ပြည်သူလူထုအားခြိမ်းခြောက်ငွေတောင်းခြင်း၊ စစ်မှုထမ်းရန်လူသစ်စုဆောင်းပေးနေသောကြောင့် ယင်းမြို့နယ်တွင် နာမည်ဆိုးကျော်ကြားနေသူလည်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် ဆယ်ကျေးရွာဘက်တွင် စစ်တပ်က ဝင်ရောက်လာပြီး အုပ်ချုပ်ရေးမှူး ရာတင် ပစ်ခတ်ခံ၍ သေဆုံးမှုကို စစ်ဆေးနေကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *