စစ်မှုထမ်းဖို့လူလိုက်ခေါ်တဲ့ မြို့နယ်သမဝါယမဥက္ကဋ္ဌ အသတ်ခံရ

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ရုံးကုန်းကျေးရွာအုပ်စု၊ ဆည်ကျေးရွာ အုပ်ချုပ်ရေးမှူးလည်းဖြစ် ရေနံချောင်းမြို့နယ်သမဝါယမအသင်းဥက္ကဋ္ဌဖြစ်သူကို သေနတ်နဲ့ပစ်သတ်ခဲ့တယ် လို့ ရေနံချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

အသတ်ခံရသူမှာ အသက် ၅၀ နှစ်အရွယ် ဦးရာတင်ဖြစ်ပြီး ဧပြီ ၁၅ ရက်ည ၉ နာရီဝန်းကျင်က သူ့နေအိမ်မှာပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“သူက အဲဒီဘက်နယ်တွေမှာ ဩဇာညောင်းတယ်။ သူက ပြည်သူ‌တွေကို စစ်မှုထမ်းဖို့ ဘယ်အိမ်က ဘယ်သူလိုက်ရမယ်ဆိုပြီး နာမည်ကိုတပ်ပြီးတော့ လူတွေခေါ်ခေါ်ပြီး ပေးနေတာ။ ကျနော်တို့ ဝင်ရောက်ပြီး နေအိမ်မှာစစ်ဆေးမေးမြန်းဖို့လုပ်တဲ့အချိန် ထွက်ပြေးလို့ပစ်ခတ်ခဲ့တာ” လို့ ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဗိုလ်စံသျှားက ဆိုပါတယ်။

ဒီပစ်ခတ်မှုကို ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မကွေးခရိုင်အမှတ် ၂ တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ဦးရာတင်မှာ နေရာတင်သေဆုံးခဲ့ပြီး ပစ်ခတ်ပြီးနောက်မှာ ကာကွယ်ရေးရဲဘော်တွေ ပြန်လည် ဆုတ်ခွာခဲ့တာကြောင့် နောက်ဆက်တွဲအခြေအနေတွေကိုတော့ မသိရဘူးလို့ ဗိုလ်စံသျှားက ပြောပါတယ်။

လက်ရှိအချိန်ထိ ရေနံချောင်းမြို့နယ်အတွင်းက အုပ်ချုပ်ရေးမှူးတွေလည်း စစ်ကောင်စီလက်အောက်မှာ အလုပ်မလုပ်တော့ဘဲ ထွက်စာတင်ကြဖို့ ဗိုလ်စံသျှားက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၀ ရက်ကလည်း ရေနံချောင်းမြို့နယ်၊ အုတ်ရှစ်ကုန်းအုပ်စု၊ အုပ်ချုပ်ရေးမှူး တင်ဝင်းနိုင်နဲ့ ထွေအုပ်စာရေး စန်းနိုင်တို့က စစ်မှုထမ်းဖို့ လူလိုက်စုတဲ့အပြင် ပိုက်ဆံတောင်းတာတွေလည်းလုပ်တာကြောင့် ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *