ဆီဆိုင်မြို့နယ်တိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းသေဆုံး လက်နက် ၃လက်ရဟု PNLA ထုတ်ပြန်

စစ်​ကောင်စီကားတစ်စီးသိမ်းဆည်းရရှိပြီး ၄ စီးမီး​​လောင်

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်တနေရာတွင် ယမန်နေ့ ဧပြီ ၁၇ရက်က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီထံမှ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးမှု ရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က သတင်းထုတ်ပြန်သည်။

ဆီဆိုင်မြို့နယ် အနောက်တောင်ဘက်တနေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ငယ် ၃လက်နှင့် မော်တော်ယာဉ် ၁စီး သိမ်းရခဲ့သည်ဟုဆိုသည်။

“အဲဒီ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းသေဆုံးတယ်။ အဲဒါက မျက်မြင်တွေ့ရတာပေါ့ ။ လက်နက် သုံးလက် သိမ်းဆည်းရမိတယ်။ ကား ၁စီး လည်းရတယ်။ ကား ၅စီးဆိုပေမယ့် အကောင်းက တစ်စီးပဲရတယ် ကျန်တဲ့ လေးစီးက သူတို့ မီးရှို့ထားတာ ပျက်စီး ကုန်တာပေါ့။
ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းကလည်း ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး အဆင့် အရာရှိအပါအဝင် သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

ဆီဆိုင်မြို့ကို PNLAက ဇန်နဝါရီ လကုန်ပိုင်းတွင် သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများအသုံးပြု တိုက်ခိုက်ကာ မြေပြင်မှ စစ်အင်အားအလုံးအရင်းဖြင့် မြို့ပြန်ရရေး ကြိုးပမ်းနေရာ PNLAနှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော​သေနတ်သုံးလက်။ဓါတ်ပုံ-PNLA News & Info )

Leave a Comment