နယ်ခြားစောင့်ရဲနဲ့ စစ်သား ၅ဝ နီးပါး ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံ

ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် ဧပြီ ၁၆ ရက်နေ့ညက စစ်ကောင်စီနယ်ခြားစောင့်ရဲနဲ့ စစ်သား ၅ဝ နီးပါး နယ်စပ်ကိုဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခိုလှုံလာတယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်းကလည်း နယ်ခြားစောင့်တပ်၊ စစ်သားနဲ့ အရပ်သား စုစုပေါင်း ၂၆ဝ ခိုလှုံလာတယ်လို့ သူက ဆိုပါတယ်။

AA နဲ့ စစ်ကောင်စီတပ်တို့ ဖေဖော်ဝါရီ ၂ရက်နေ့ကစပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ တိုက်ပွဲတွေပြင်းထန်ခဲ့ရာ ရာနဲ့ချီတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ ထွက်ပြေးလာကြတယ်လို့လည်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အခုလိုနယ်စပ်ကိုဖြတ်ကျော်ထွက်ပြေးခိုလှုံတဲ့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းခေါ်ပေမဲ့ ဖုန်းမဖြေပါဘူး။

ဖေဖော်ဝါရီ ၄ ရက်နေ့ကနေ ၇ရက်နေ့အတွင်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာသူ ၃၃၀ ခန့်ကို ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ မြန်မာပြည်ပြန်ပို့ခဲ့ပြီးဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။

ဧပြီလ ၁၇ ရက်နေ့ မနက်ပိုင်းမှာတော့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးအနီး ရွက်ညိုတောင်ရွာနားရှိတဲ့ နယ်ခြားစောင့်ရဲစခန်းကို ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာကြသည့် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) အဖွဲ့ဝင်တချို့အား ၂၀၂၄ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က တွေ့ရစဉ်။(Photo : Benar News)


Comments

Leave a Reply

Your email address will not be published. Required fields are marked *