မင်္ဂလာဒုံလေတပ်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံး ဗုံးပစ်တိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းနဲ့ လေတပ်ဂေါက်ကွင်းလမ်းဆုံအနီးက မင်္ဂလာဒုံ လေတပ်အရာရှိအဆောင်နဲ့ ခရေပင်လမ်းပေါ်မှာရှိတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးတို့ ဧပြီလ ၁၈ ရက်နေ့ညပိုင်းက ဗုံးပစ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က လုံခြုံရေး တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားရာ နယ်မြေတစ်ခုဖြစ်တဲ့ မင်္ဂလာဒုံမြို့နယ်မှာ ဖောက်ခွဲ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုကို ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Dark Shadow အဖွဲ့ကလုပ်ခဲ့တာဖြစ်ပြီး လေတပ်ရာရှိအဆောင်ကို ဗုံးနှစ်လုံး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးကို ဗုံးတစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ Dark Shadow အဖွဲ့တာဝန်ခံ ရဲဘော်ပန်ဒါလေးက ပြောပါတယ်။

“ပြည်သူတွေကို နေ့စဥ် ဗုံးကြဲနေတဲ့ စစ်ကောင်စီတပ်ရဲ့ မိသားစုတွေနဲ့ အစွယ်အပွားတွေကို ထိထိရောက်ရောက် တုံ့ပြန်နိုင်ဖို့ဖြစ်ပါတယ်။ ဒါကြောင့် ဒီတိုက်ခိုက်မှုကို လုပ်ခဲ့တာ။ ထိခိုက်မှုနောက်ဆက်တွဲကတော့ စုံစမ်းနေဆဲပါ”

ဧပြီလ ၁၈ ရက် မနေ့ညက ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားတွေ အဲဒီအနီးအနားဝန်းကျင်ကို စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီလ ၆ ရက်နေ့ကတော့ မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ အဝေးပြေးကားကွင်းအနီးက စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ်နေရာကို အဆင့်မြင့် တာဝေးပစ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြအထူးတပ်ဖွဲ့ (Urban Special Force) က ပြောထားပါတယ်။

သတင်းထုတ်ပြန်ချက်

ကျွန်တော်တို့ Dark Shadow အဖွဲ့၏ “Urban Freedom” စစ်ဆင်ရေး အဖြစ် မင်္ဂလာဒုံ ကြံ့ဖွတ်ရုံးနှင့် မင်္ဂလာဒုံ လေတပ် အရာရှိ လူပျိုဆောင် ကို ယနေ့ည (၇)နာရီ (၅၀)မိနစ် ခန့်တွင် လက်ပစ်ဗုံးဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှု အောင်မြင်ပြီး စစ်ခွေးများ ထိခိုက်မှုရှိ မြေပြင်ရဲဘော်များ ထံမှ ကြားသိရသည်။ တိုက်ခိုက်မှု ဆောင်ရွက်သော ရဲဘော်များလည်း နေရပ်သို့ ဘေးကင်းစွာဖြင့် ပြန်လည်ရောက်ရှိပြီဖြစ်သည်။

တော်လှန်ရေး တပ်ဖွဲ့များရဲ့ နိုင်ငံအနှံ့ စခန်းသိမ်းပွဲများတွင် မြို့ပြလည်း မကျန်နေစေရ။ အကြမ်းဖက်စစ်ကောင်စီကို မကြောက်မရွံ့ နောက်မတွန့်ပဲ နိုင်ငံတစ်ဝန်းတိုက်ပွဲဝင်နေကြသော တော်လှန်ရေး ရဲဘော်များနှင့် အတူ မြို့ပြတွင် အရိပ်ရဲဘော်များသည်လည်း အရေးတော်ပုံအောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်။ မြို့ပြတွင်ရှိသော အကြမ်းဖက် စစ်ကောင်စီ နှင့် ပြည်သူကို ဖိနှိပ်အကြပ်ကိုင်ဒုက္ခပေးနေသော စစ်ကောင်စီ အစွယ်အပွါးများကို အမြစ်ပြတ်သည်အထိ ချေမှုန်းသွားပါမည်။

Dark Shadow


Comments

Leave a Reply

Your email address will not be published. Required fields are marked *