စကစတပ် ထောက်ပို့ယာဉ်တန်း၏ ရှေ့ပြေးစစ်ကြောင်း မိုင်းဆွဲခံရ၊ ၂ ဦးသေဆုံး ဟုဆို

ရိက္ခာသွားပို့သည့် စစ်ကောင်စီတပ် ထောက်ပို့ယာဉ်တန်း၏ ရှေ့ပြေးခြေလျင်စစ်ကြောင်း တခု မိုင်းဆွဲတိုက်ခိုက်ခံရမှု ယနေ့ (ဧပြီလ ၁၉ ရက်) တွင် ကမ္မမြို့အထွက် စကျင်းကုန်းထိပ်၌ ဖြစ်ပွားခဲ့သည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုတွင် စကစတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးသွားကြောင်း ပြောက်ကျားတပ်ဖွဲ့ကမ္မ(တ.ပ.စ) က ယနေ့တွင် ထုတ်ပြန်ထားသည်။

ကမ္မ(တ.ပ.စ)က ထုတ်ပြန်ထားသော တိုက်ခိုက်မှု ရုပ်သံဖိုင်တွင် လမ်းမပေါ် မိုင်းပေါက်ကွဲပြီးနောက် အနီးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ လဲကျသွားသည်ကို တွေ့ရသည်။

“ကျနော်တို့ဆွဲလိုက်တာက ယာဥ်တန်းအတွက် ရှေ့ပြေးခြေလျင်စစ်ကြောင်းပါ။ မိုင်းပွိုင့်က လေးလုံးပွိုင့်တပွိုင့်ပါ။ မျက်မြင်အရ စခ (စစ်ကောင်စီတပ်) နှစ်ဦးမှာ ထိခိုက်သေဆုံးပြီး စစ်ကောင်စီတပ်တွေက ဆွဲသွားတယ်။ဒဏ်ရာရရှိတဲ့ တဦးကတော့ အချိန်တော်ကြာထပြီး အပင်အောက်ကို ဝင်ရောက်သွားတယ်။” ဟု ကမ္မ(တ.ပ.စ) တာဝန်ခံ ချမ်းကြီးက မဇ္စျိမကို ပြောသည်။

ထိုသို့တိုက်ခိုက်ခံလိုက်ရသော စစ်ကောင်စီတပ်စစ်ကြောင်း လုံခြုံရေးယူနေသည့် ရိက္ခာယာဉ်တန်းသည် မတ်လ ၂၂ ရက်နေ့တွင် ပခုက္ကူမြို့ တပ်မ(၁၀၁) မှစထွက်လာပြီး ချင်းပြည်သို့ ရိက္ခာသွားပို့သည့် ယာဉ်တန်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဥ်တန်းတွင် ကားအစီးရေ ၆၀ ကျော်ပါပြီး ယနေ့မွန်းလွဲပိုင်းအထိ ကမ္မမြို့ပေါ်၌ ရှိနေဆဲဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

“သူတို့ပို့ရမယ်နေရာအထိတော့ မရောက်ဘူးဗျ၊ (၁၀၁) က စထွက်တုန်းက ယာဥ်းတန်းဟာ ၁၀၀ ကျော်ဗျ။ လမ်းတလျောက် ခဏခဏ အတိုက်ခံနေရတယ်” ဟု ကမ္မ(တ.ပ.စ) တာဝန်ရှိသူက ပြောသည်။

ယခုမိုင်းဆွဲ တိုက်ခိုက်မှုကို Kamma Under Ground P.D.F (ကမ္မ တ.ပ.စ)၊ Pakokku People Defnse Force၊ Black Cobra (pakokku)၊ MRDF(Myaing)၊ Six Senses Guerrilla Force၊ People Defense Force-Kamma(ကမ္မ တ. ပ. စ)တို့မှ ပူးပေါင်လုပ်ဆောင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါထောက်ပို့ယာဥ်တန်းသည် ယမန်နေ့ ဧပြီလ ၁၈ရက်ကလည်း မန်းကျည်းသုံးပင်နှင့် ကမ္မမြို့ကြားတွင် မိုင်းသုံးကြိမ်ခွဲ၍ တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း မြိုင်ပကဖ တပ်ဖွဲ့က ထုတ်ပြန်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *