စလင်းမှာ အုပ်ချုပ်ရေးမှူးနဲ့ပျူစောထီးတွေ ဆက်တိုက်အသတ်ခံရပြီးနောက် တရက်တည်း အုပ်ချုပ်ရေးမှူး ၄ ဦး နုတ်ထွက်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ ဧပြီ ၁၉ ရက် ဒီနေ့တနေ့တည်း ‌ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးနုတ်ထွက်လာတယ်လို့ အုပ်ချုပ်ရေးဌာနနဲ့ နီးစပ်သူတစ်ဦးဆီက သိရပါတယ်။

စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်‌ကျော်ဇင်၊ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနေလင်း၊ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်နဲ့ ဆုံကုန်းအုပ်စုအုပ် ချုပ်ရေးမှူး ဦးမျိုးမြင့်စိုးတို့ ရာထူးကနေနုတ်ထွက်ခဲ့တာလို့ ဆိုပါတယ်။

“သူတို့ ၄ ဦးက နုတ်ထွက်စာတင်ကြတာ မှန်ပါတယ်။ အုပ်ချုပ်ရေးမှူးတွေမရှိတော့ စာရေးတွေကပဲ စလင်း (မြို့နယ်)ထွေအုပ်နဲ့တွဲပြီး (အလုပ်တွေ)လုပ်ကြတယ်” လို့ ထွေအုပ်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ရတဲ့အကြောင်းအရင်းကိုတော့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပ‌ဒေထုတ်ပြန်ပြီးနောက် ဖေဖော်ဝါရီနဲ့ မတ်လအတွင်းမှာ စလင်းမြို့နယ် ကျွဲခြံရွာအုပ်စု၊ ပခက်တိုင်ရွာနဲ့ မန်ကျီးကုန်းရွာတွေက စစ်ကောင်စီလက်အောက်အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီး ၄ ဦး ရက်ခြားဆိုသလို အသတ်ခံခဲ့ရကာ အုပ်ချုပ်ရေးမှူးတွေလည်း ဆက်တိုက်ဆိုသလို နုတ်ထွက်လာတာပါ။

ဒါ့အပြင် ဆင်ဖြူကျွန်းမြို့ခံ ကို RT ကလည်း “ဆင်ဖြူကျွန်းမြို့မှာက အုပ်ကြီး ၃ ဦး နုတ်ထွက်တယ်လို့ ကြားပါတယ်။ သူတို့ကို စစ်ကောင်စီဘက်ကလည်း နုတ်ထွက်ခွင့်မပြုဘူးလို့ ပြန်ကြားရတာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ စလင်းမြို့နယ်အတွင်းက နုတ်ထွက်နေတဲ့ အုပ်ချုပ်ရေးမှူးအရေအတွက် မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောဆိုထားပြီး အချို့အုပ်ချုပ်ရေးမှူးတွေက တရားဝင်ထွက်စာမတင်ထားပေမယ့် အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေကို ရပ်နားထားတယ်ဆိုကာ ပြည်သူတွေကို အသိပေးထားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *