စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်များ ဖြင့် တိုက်ပွဲဖြစ်ပွားရာ အမှတ် ၂ ချစ်ကြည်ရေးတံတားဝန်းကျင်ကို ဗုံးကျဲပြီး စက်သေနတ်ဖြင့် ပစ်ခတ်နေ

မြဝတီမြို့ပြင် အမှတ် ၂ တံတားဘက်တွင် တစ်ညလုံးတိုက်ပွဲများဖြစ်ပွားပြီး စစ်တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုများကြောင့် ပြင်းထန်သော ပေါက်ကွဲမှုများကြီးဖြစ်ပေါ်ကာ မဲဆောက်ဘက်အခြမ်းမှ အိမ်များပင်တုန်ခါသွား

မြ၀တီအမှတ် ၂ တံတားဘက်တွင် လက်ရှိ တိုက်ပွဲ အကြီးအကျယ်ဖြစ်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့ ပြင် အမှတ် ၂ တံတားဝင်းအတွင်း ပုန်းအောင်းလျက်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲမှုများ လုပ်ဆောင်သောကြောင့် ပြင်းထန်သော ပေါက်ကွဲမှုကြီးများဖြစ်ပေါ်ကာ မဲဆောက်ဘက်အခြမ်းမှပင် နေအိမ်များ တုန်ခါသွားကြောင်း ထိုင်း-မြန်မာနယ်စပ် စစ်ရေး သတင်းရင်းမြစ်များက ပြောဆိုကြသည်။

ဧပြီလ ၁၉ ရက်နေ့ မြန်မာစံတော်ချိန် ည ၆ နာရီ ၄၀ ဝန်းကျင်အချိန် (ထိုင်းစံတော်ချိန် ည ၇ နာရီ ၁၀ မိနစ်ဝန်းကျင်) မြ၀တီမြို့ ခလရ ၂၇၅ မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခိုအောင်းနေသော အမှတ် ၂ ချစ်ကြည်ရေးတံတားဝင်းအတွင်းသို့ ဒရုန်းဖြင့် ဗုံးကျဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် ယမန်နေ့ည ၁၁ နာရီ ၅၅ မိနစ်မှစတင်ပြီး အဆက်မပြတ် ပစ်ခတ်သံများ၊ လေယာဉ်ဖြင့် ဗုံးကျဲမှုများ ရှိခဲ့ကြောင်း သိရှိရသည်။

“မြ၀တီမြို့ပြင် လက်ခတ်တောင်ဘက်မှာ လေယာဉ်နဲ့ ဗုံးကျဲတာလို့ ထင်ပါတယ်။ မနေ့ည ၁၁ နာရီ ၅၅ မိနစ်မှာ ပေါက်ကွဲသံ တွေ အကျယ်ကြီးပဲ ထွက်တယ်။ ရွှေမြစန္ဒီဘက်မှာလည်း ပေါက်ကွဲသံတွေကြားရတယ်။ အဲဒါပြီးတော့ ဒီမနက် ၄ နာရီ ၅၀ မိနစ်မှာ လေယာဉ်နဲ့ လာကျဲတာ။ အမှတ် ၂ တံတားဘက်ကို။ အခုထက်ထိ လေယာဉ်နဲ့ ကျဲတာ ၉ လုံးလောက်ရှိနေပြီ ။ မနက် ၅ နာရီ ၉ မိနစ်မှာ အမှတ် ၂ ချစ်ကြည်ရေးတံတား ပတ်ဝန်းကျင်ကို လေယာဉ်နဲ့ ၇ လုံးကျဲချတယ်။ နောက်တစ်ခါ ၁ လုံးထပ်ကျဲတယ်။ လက်နက်ကြီး လက်နက်ငယ် အသံတွေ အစုံထွက်နေတယ်။ အမှတ် ၂ တံတားနားက ရွာတွေက ပြည်သူတွေ ပြေးနေရပြီ” ဟု မြ၀တီမြို့ အခြေစိုက် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည် ။

ထို့ပြင် မြ၀တီမြို့နယ် အမှတ် ၂ တံတားတွင် ယနေ့ နံနက်အစောပိုင်း တိုက်ပွဲ ပြင်းထန်လာချိန် ပေါက်ကွဲသံများကို ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်အခြမ်းမှ ကြားရကြောင်း ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်မှ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

“အမှတ် ၂ တံတားမှာ လေယာဉ်နဲ့ ကျဲပြီးတော့ အခု မနက် ၄၀ မမ၊ လက် နက်ကြီး လက်နက်သံစုံနေတာပဲ ။ တိုက်ပွဲဖြစ်နေပြီ။ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကျဲရင် မဲဆောက်ဘက်က အိမ်တွေတောင် တုန်ခါသွားတယ်။ ပေါက်ကွဲသံတွေက” ဟု မဲဆောက်မှ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့၏ ထောက်ပို့ စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

စစ်ကောင်စီက ယမန်နေ့ညပိုင်း လေးကေ့ကော်စွယ်တော်အမြောက်ကုန်းနှင့်အမှတ် ၂ တံတားပတ်ဝန်းကျင်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များအတွက် လေယာဉ်ဖြင့် ရိက္ခာနှင့် လက်နက်ခဲယမ်များ ချထားပေးမှုများရှိကြောင်း စစ်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။

တိုက်ပွဲဖြစ်ပွားနေ၍ အမှတ် ၂ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကို ပိတ်ထားပြီး ထိုင်းစစ်တပ်က စစ်ရေး အသင့်ပြင်ထား

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ အမှတ် ၂ ချစ်ကြည်ရေးတံတားဝင်းအတွင်း ပုန်းအောင်းနေသော စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် အမှတ် ၂ ချစ်ကြည်ရေးတံတားကို ထိုင်းဘက်အခြမ်းက ပိတ်ထားပြီး ထိုင်းစစ်တပ်ကလည်း စစ်ရေး အဆင်သင့် ပြင်ဆင်ထားကြောင်း ထိုင်သတင်းဌာနများက သတင်းဖော်ပြသည်။

ယမန်နေ့ ဧပြီလ ၁၉ ရက်နေ့ ညပိုင်းမှစတင်ပြီး ယနေ့ ဧပြီလ ၂၀ ရက်နေ့အထိ အမှတ် ၂ ချစ်ကြည်ရေးတံတားအနီးတွင် တစ်ညလုံး၊ တစ်မနက်လုံး လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများကြားနေရကြောင်း၊ တော်လှန် ရေးတပ်များက ဒရုန်းများ၊ ၄၀ မမ၊ ၆၀ မမ များဖြင့် ပစ်ခတ်ခြင်း၊ စစ်ကောင်စီတပ်များကလည်း တံတားဝင်းအတွင်းမှ ခုခံ ပစ်ခတ်ခြင်းတို့ကြောင့် တိုက်ပွဲ ပြင်းထန်နေကြောင်း၊ ထို့ကြောင့် ထိုင်းဘက်အခြမ်းက အမှတ် ၂ ချစ်ကြည်ရေးတံတားကို ပိတ်ထားပြီး ထိုင်းစစ်တပ်ကလည်း အမှတ် ၂ တံတားဘက်တွင် အင်အားတိုးမြှင့် ချထားကြောင်း သိရှိရသည်။

လတ်တလော မြန်မာဘက်အခြမ်း အမှတ် ၂ တံတားအနီးရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာနေကြကြောင်း၊ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးလာကျဲမည်ကို မြ၀တီမြို့မှ ပြည်သူများ စိုးရိမ်နေကြ၍ အထုပ်ပြင် တိမ်းရှောင်လည်း ပြင်ဆင်နေကြကြောင်း သိရှိရသည်။

“တစ်ညလုံး တိုက်ပွဲဖြစ်နေတာ။ မြို့ထဲဘက်ကူးလာမလားလို့ စိုးရိမ်တယ်။ ကြောက်တာက လေယာဉ်နဲ့ ဗုံးလာကျဲမှာကိုပဲ။ မဲဆောက်ဘက်အခြမ်းကိုတော့ ကူးဖို့ ပြင်ထားတယ်” ဟု မြ၀တီမြို့မှ ငွေလဲအေးဂျင့်တစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်သားများ ပုန်းအောင်းနေသော အမှတ် ၂ ချစ်ကြည်ရေးတံတားဝင်းအတွင်းသို့ တော်လှန်ရေးတပ်များ ဝင်ရောက်နေပြီး စစ်သားများ ထိုင်း-မြန်မာနယ်ခြားသောင်ရင်းမြစ်ကမ်းဘေးတွင် အစုလိုက် အပြုံလိုက် ထွက်ပြေးနေ

ပြည်သူအများအပြားလည်း စစ်ဘေးရှောင်နေရပြီး တိုက်လေယာဉ်ဖြင့် ဗုံးကျဲမည်ကို စိုးရိမ်နေ

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ခလရ ၂၇၅ တပ်မှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများ ပုန်းအောင်းနေသည့် အမှတ် ၂ ချစ်ကြည်ရေးတံတားဝင်းအတွင်းသို့ တော်လှန်ရေးတပ်များ ဝင်ရောက်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ထိုင်း-မြန်မာနယ်ခြားသောင်ရင်းမြစ်ကမ်းဘေးတွင် အစုလိုက် အပြုံလိုက် ထွက်ပြေးနေကြောင်း KNLA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

“ဒီမနက် သတင်းဝင်လာတာတော့ တံတားဝင်းထဲတော့ ဝင်လို့ရပြီ။ စစ်သားတွေတော့ သောင်ရင်းမြစ် ကမ်းနဖူးတွေဘက်ကို ထွက်ပြေးတယ်။ လက်နက်မချဘူး။ လက်နက်မချလို့ ဝင်တိုက်တာ။ စစ်သားတွေ ဘက်က ထိခိုက်သေဆုံးမှုများတယ်ပြောတယ်။ အတိအကျ မသိရသေးဘူး” ဟု စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ တပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧပြီလ ၁၀ ရက်နေ့ ညပိုင်း အမှတ် ၂ ချစ်ကြည်ရေးတံတား အနီးသို့ ဆုတ်ခွာခဲ့ပြီး လက်နက်မချဘဲ စစ်ကူတပ်များကို စောင့်ဆိုင်းနေသဖြင့် ယမန်နေ့ ညပိုင်းမှစတင်ပြီး တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အမှတ် ၂ ချစ်ကြည်ရေးတံတားအနီးရှိ ကျေးရွာများမှ ပြည်သူများ စစ်ဘေးရှောင်နေရပြီး စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးလာရောက်ကျဲမည်ကို ဒေသပြည်သူများ စိုးရိမ်နေကြကြောင်း သိရှိရသည်။

မြန်မာဘက်မှ ပစ်ခတ်လိုက်သော သေနတ်ကျည်က ထိုင်းနေအိမ်တစ်ခုအတွင်းသို့ ရောက်ရှိ၊ မြန်မာစစ်ဘေးရှောင် ပြည်သူများကို ထိုင်းစစ်တပ်နှင့်ရဲများက လက်ခံကူညီပေးနေ

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် အမှတ် ၂ ချစ်ကြည်ရေးတံတားအနီးတွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားလျက်ရှိရာ တိုက်ပွဲအတွင်းမှ ပစ်ခတ်လိုက်သော လက်နက်ငယ်ကျည်တချို့သည် ထိုင်းဘက်အခြမ်းရှိ နေအိမ်တစ်ခုအတွင်းသို့ ဝင်ရောက်လာကြောင်း Mae Sot Media က သတင်းဖော်ပြသည်။

ယနေ့ နံနက်ပိုင်း မြန်မာဘက်အခြမ်းတွင် တိုက်ပွဲများ ပြင်းထန်နေရာ ထိုင်းဘက်သို့ လက်နက်ကျည်များကျရောက်မှုများရှိနေရာမှာ ထိုင်းပြည်သူတစ်ဦး၏ နေအိမ်အတွင်းသို့ လက်နက်ငယ်ကျည်တစ်သောင့် ဝင်ရောက်လာကြောင်း၊ ယင်းကျည်သည် ပြတင်းပေါက်သို့ ဖောက်ထွင်းခဲ့သော်လည်း တစ်စုံတစ်ဦးမှ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

မြန်မာဘက်အခြမ်း ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၂ တံတားအနီးတွင် လက်ရှိအချိန်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှလည်း တိုက်လေယာဉ်နှင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များ ပျံဝဲလျက်ရှိကြောင်း၊ တိုက်ပွဲများကြောင့် ထွက်ပြေးလာသာ စစ်ဘေးရှောင် ဒုက္ခသည်များကို ထိုင်းစစ်တပ်နှင့်အာဏာပိုင်များက စတင်လက်ခံ ကူညီပေးနေကြောင်း သိရှိရသည်။

“အခုကတော့ စစ်ဘေးရှောင်တွေ သောင်ရင်းမြစ်ဖြတ်ပြီး ပြေးတာတွေအကုန် ထိုင်းဘက်က ကူပေးနေတယ်။ နေရာချထားပေးနေတယ်။ ဒီဘက်မှာလည်း တိုက်ပွဲက မရပ်သေးဘူး။ တဒုန်းဒုန်းတဒိုင်းဒိုင်းပဲ ပစ်နေကြတယ်။ စစ်ကောင်စီကင်းထောက် လေယာဉ်တွေလည်းလာတယ်။ အခုဂျက်ဖိုက်တာနဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေလည်း တက်လာတယ်ဆိုတဲ့သတင်းတွေ ရထားလို့ အကုန် ထိုင်းဘက် ပြေးနေကြတာ” ဟု မြ၀တီစစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီက ယနေ့ နံနက်ပိုင်းမှစတင်ပြီး တိုက်ပွဲဖြစ်ပွားလျက်ရှိသော မြ၀တီမြို့နယ်၊ အမှတ် ၂ ချစ်ကြည်ရေး တံတားပတ်ဝန်းကျင်ကို တိုက် ခိုက်ရေးရဟတ်ယာဉ်ဖြင့် ဗုံးကျဲခြင်း၊ စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း မြ၀တီစစ်ရေးသတင်းရင်းမြစ်၏ ပြောဆိုချက်နှင့်ထိုင်းသတင်းမီဒီယာတချို့၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

“တိုက်လေယာဉ်ရော၊ တိုက်ခိုက်ရေးရဟတ်ယာဉ်ရော လာပစ်နေတာ။ ရဟတ်ယာဉ်က ၁၁ နာရီကျော်လောက်မှာ အမှတ် ၂ တံတားနားကိုပဲ ပျံဝဲပြီး ဗုံးကျဲလိုက် စက်သေနတ်နဲ့ ပစ်လိုက် လုပ်နေတယ်။ ဆက်တိုက်ကိုပစ်နေတာ။ တိုက်လေယာဉ်တွေကတော့ မြ၀တီမြို့ပြင်ဘက်ကို ဗုံးကျဲတာတွေရှိတယ်” ဟု မြ၀တီမြို့ စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်သည့်အတွက် သောင်ရင်းမြစ်ကမ်းဘေးတွင် ရှိနေကြသော မြန်မာစစ်ရှောင် ပြည်သူများမှာလည်း ထိုင်းဘက်အခြမ်းသို့ အဆက်မပြတ် ကူးနေကြကြောင်း သိရှိရသည်။

” အခု မနက် ၁၁ နာရီ ဝန်းကျင်မှာ ဂျက်လေယာဥ်ရော၊ ရဟတ်ယာဉ်ရော ပစ်နေ လို့ ပြည်သူတွေအကုန် ထိုင်းဘက် ကူးကုန်ကြပြီ” ဟု စစ်ဘေးရှောင် ကူညီရေးသမားတစ်ဦးက ပြောဆိုသည်။

အမှတ် ၂ ချစ်ကြည်ရေးတံတားဝင်းအတွင်းသို့ တော်လှန်ရေးတပ်များ ဝင်ရောက်ရှင်းလင်းနေပြီး ခံစစ်ပြင်ရာနေရာများကို အဓိက ဖယ်ရှားနေ (ရုပ်/သံ)

နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် ထိုင်းဘက် လက်နက်ကြီးကျည်ကျသည့်အပြင် အရပ်သားတချို့ ထိခိုက်

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ခလရ ၂၇၅ တပ်မှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများ ပုန်းအောင်းနေသည့် အမှတ် ၂ ချစ်ကြည်ရေးတံတားဝင်းအတွင်းသို့ တော်လှန်ရေးတပ်များ ဝင်ရောက်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ထိုင်း-မြန်မာနယ်ခြားသောင်ရင်းမြစ်ကမ်းဘေးတွင် အစုလိုက် အပြုံလိုက် ထွက်ပြေးနေကြောင်း KNLA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

“စစ်တပ်က အမှတ် ၂ ချစ်ကြည်ရေးတံတားဝင်းထဲကနေ ကမ်းနဖူးဘက်တော့ ဆုတ်သွားပြီ။ အခု ၈ ခွဲဝန်းကျင်လောက်မှာ တံတားဝင်းထဲကို ပူးပေါင်းအဖွဲ့တွေရောက်နေပြီးတော့ ခံစစ်ပြင်တဲ့နေရာတွေကို အဓိက ရှင်းနေတယ်။ ကမ်းနဖူးဘက် ထွက်ပြေးတဲ့စစ်သားတွေကို ထပ်ပြီး ရှင်းလင်းရေး လုပ်မယ်၊ မလုပ်ဖူးတော့မသိရသေးဘူး” ဟု စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ တပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧပြီလ ၁၀ ရက်နေ့ ညပိုင်း အမှတ် ၂ ချစ်ကြည်ရေးတံတား အနီးသို့ ဆုတ်ခွာခဲ့ပြီး လက်နက်မချဘဲ စစ်ကူတပ်များကို စောင့်ဆိုင်းနေသဖြင့် ယမန်နေ့ ညပိုင်းမှစတင်ပြီး တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အမှတ် ၂ ချစ်ကြည်ရေးတံတားအနီးရှိ ကျေးရွာများမှ ပြည်သူများ စစ်ဘေးရှောင်နေရပြီး စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးလာရောက်ကျဲမည်ကို ဒေသပြည်သူများ စိုးရိမ်နေကြကြောင်း သိရှိရသည်။

“ဇိုက်ဇုန်၊၁၂ ဂိတ်အနီး လက်နက်ကြီးကျလို့ ပြည်သူ ၁ ဦး ထိတယ်။ ဗိုလ်မှူး သာထွေးလမ်းထဲ လက်နက်ကြီးကျတာ။ တံတား ၂ ထဲက စစ်တပ်က ပစ်တာ ထိုင်းဘက်ကိုလည်း ကျည်ကျတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *