ရန်ကုန်မှာ ဒုတိယကြိမ် စစ်မှုထမ်း ဖို့စာရင်းတွေ ထပ်မံကောက်ယူ

ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ် ၄၅ မြို့နယ်မှာ ဒုတိယကြိမ်စစ်မှုထမ်းဖို့အတွက် ရပ်ကွက်နဲ့ကျေးရွာတွေမှာထပ်မံစာရင်းကောက်ယူနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့မှာ ဧပြီလ ၁၈ ရက်မှစပြီး ရပ်ကွက်နဲ့ကျေးရွာတွေမှာ ဒုတိယအကြိမ်စစ်မှုထမ်းဖို့ စာရင်းတွေထပ်မံကောက်ယူနေတယ်လို့ ၁၂ ရပ်ကွက်နေသူတယောက်ကပြောပါတယ်။

” စာရင်းကောက်တာ ၁၈ နှစ်ကနေ ၂၄ နှစ်အတွင်း ပထမကြိမ်မှာ စာရင်းမပါတဲ့သူတွေလည်း ကောက်တယ် မြို့နယ်က ဆင့်ခေါ်မယ်လို့တော့ပြောတယ် မဲနှိုက်မယ်ဆိုတဲ့ အသံတော့မကြားတော့ဘူး “လို့ ပြောပါတယ်။

အင်းစိန်မြို့နယ် ပေါက်တောဝရပ်ကွက်၊ အောင်ဆန်းရပ်ကွက်နဲ့ဖော့ကန်ရပ်ကွက်မှာမူ စာရင်းကောက်ယူပြီး မဲနှိုက်တာမရှိဘဲ အလှည့်ကျစနစ်နဲ့ စစ်မှုထမ်းဖို့လူငယ်တွေကို စေလွှတ်တယ်လို့ ပေါက်တောဝရပ်ကွက်နေသူကပြောပါတယ်။

“အင်းစိန်က ရပ်ကွက်အများစုက မဲမနှိုက်ဘူး အလှည့်ကျစနစ်နဲ့သွားရတာ ရှေလက ပေါက်တောဝမှာ ၂ ယောက်ပါသွားတယ် ဒီလဘယ်သူပါအုံးမလဲ မသိဘူး”လို့ ရှင်းပြပါတယ်။

လှည်းကူးမြို့နယ်မှာ စစ်မှုထမ်းစာရင်းကို မြို့နယ်ထွေအုပ်၊အုပ်ချုပ်ရေး၊စစ်တပ်နဲ့လဝကတို့ ပူးပေါင်းကာစာရင်းကောက်ယူတယ်လို့ ကျွန်းကလေးကျေးရွာနေသူတစ်ယောက်ကပြောပါတယ်။

“လှည်းကူးမှာ စခတ (၁) သင်တန်းကျောင်းရှိတော့ ပိုဆိုးတယ် စစ်တပ်က သူလုပ်ချင်သလိုလုပ်တာ အုပ်ချုပ်ရေးက ဘာမှမဲပြောရဲဘူး အခြားမြို့နဲ့မတူဘူး အရွယ်ကောင်းတွေပဲ ရွေးခေါ်တာ”လို့ ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်က စစ်မှုထမ်းရမည့်လူတွေကို အမှတ်(၁) စစ်အခြေခံသင်တန်းကျောင်း (မင်းကုန်း)နဲ့အမှတ်(၁) တန်းမြင့်သင်တန်းကျောင်း မှာသင်တန်းတက်ရတာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်က ဖေဖော်ဝါရီလ ၁၀ ရက်မှာ လူတိုင်းစစ်မှုထမ်းရမယ့် ဥပဒေကိုလက်မှတ်ရေးထိုးခဲ့ပြီး မတ်လ ၂၉ ရက်ကစတင်ပြီး သင်တန်းကျောင်း ၁၅ ကျောင်းမှာ ပထမအကြိမ်စစ်မှုထမ်းသင်တန်းကို စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *