မြဝတီတိုက်ပွဲကြား စစ်ရှောင်ကားတစ်စီး မြေစာပင် ဖြစ်ခဲ့ရ၊ အမျိုးသမီး ၂ယောက် သေဆုံးပြီး လူတချို့ဒဏ်ရာရ

ထိုင်း-မြန်မာနယ်စပ် အမှတ် ၂ တံတားအနီး တိုက်ပွဲအတွင်း မြဝတီမြို့ကနေ စစ်ဘေးရှောင်ထွက်လာတဲ့ ကား ၁ စီး သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ကားပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသမီး ၂ ယောက် သေဆုံးခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ် အမျိုးသမီးနဲ့ အသက် ၁၈နှစ်အရွယ် အမျိုးသမီးတို့ သေနတ်ထိမှန် သေဆုံးခဲ့ကြတာဖြစ်ပြီး ကားပေါ်ပါလာတဲ့ လူကြီးတွေလည်း ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

ဒဏ်ရာရရှိသူတွေကို ထိုင်းနိုင်ငံ မဲဆောက်မြို့ ဆေးရုံကြီးကို ပို့ဆောင်ထားပြီး သေဆုံးသူ အသက် ၂၈နှစ်အရွယ် အမျိုးသမီးမှာ ကလေး ၂နှစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။

“လောလောဆယ် သေဆုံးသွားတာကတော့ ၂ ယောက်ပေါ့။ သမီးငယ်ရယ် ချွေးမတော်စပ်သူရယ်ပေါ့။ ချွေးမက ကားမောင်းပြေးတဲ့အချိန်မှာ သေနတ်နဲ့ ပစ်ခံရတာ။ နေရာမှာပဲ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးသွားတာပါ။

သမီးဖြစ်သူကတော့ ဆေးရုံပို့မယ့်အချိန်မှာပဲ ဆုံးသွားပါတယ်။ ကားပေါ်ပါလာတဲ့ လူကြီးတွေကတော့ တစ်ယောက်က ခေါင်းထိထားပြီး နောက်တစ်ယောက်က ခါးအောက်ပိုင်းတွေ ထိထားတယ်” လို့ သေဆုံးသူရဲ့ မိသားစုဝင်တစ်ယောက်ကပြောပြပါတယ်။

မြဝတီမြို့ ခလရ ၂၇၅ စစ်ကောင်စီတပ်ဟာ စခန်းစွန့်ခွာပြီး ထိုင်း-မြန်မာနယ်စပ် အမှတ် ၂ တံတားအနီး ကတုတ်ကျင်းတွေတူးပြီး ခံစစ်ပြင်ထားမှုကို တော်လှန်ရေးတပ်ဖွဲ့တွေက လိုက်လံရှင်းလင်းရင်း တိုက်ပွဲတွေ ပြင်းထန်နေခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီက လေကြာင်းဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် စစ်ဘေးရှောင်တချို့ ထိခိုက်ဒဏ်ရာရကြသလို ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေကြသူတွေလည်း အများအပြား ရှိနေပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *