လွတ်လပ်သော သတင်းမီဒီယာများ၏ သတင်းအမှန်များကို မယုံရန် စစ်တပ်ထောက်ခံသူများ ဝါဒဖြန့်နေ

လွတ်လပ်သော သတင်းမီဒီယာများ၏ သတင်းအမှန်များကို မယုံရန် စစ်တပ်ထောက်ခံသူများက တယ်လီဂရမ်ချန်နယ်များတွင် ဝါဒဖြန့်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ သတင်းအမှန်များကို မယုံကြည်ရန်အတွက် ၎င်းတို့ စစ်တပ်အတွက် ဝါဒဖြန့်ပေးနေသူများက တပ်ထောက်ခံသူများအပေါ် ဦးတည်ကာ ဝါဒဖြန့်ပေးနေခြင်းလည်းဖြစ်သည်။

ယခုရက်ပိုင်းအတွင်း စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များဖြစ်သည့် ရဲဘငြိမ်း၊ ဟန်ငြိမ်းဦးအပါအဝင် တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် တော်လှန်ရေးနှင့် အမှန်တရားဘက်က ရပ်တည်သူများ တင်ရှိသည့် သတင်းများကို မယုံကြည်ရန်အတွက် ဝါဒဖြန့်မှုများပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။

“ Telegram Channels Admin တွေ အနေနဲ့ အသုံးချခံ မဖြစ်ပါစေနဲ့” ဟု အဆိုပါ ဝါဒဖြန့်စာများ၌ ပါရှိသည်။

ယခုကဲ့သို့ ဝါဒဖြန့်လာခြင်းသည် စစ်တပ်ဝါဒဖြန့်သူများ ကြိုးစားဖုံးကွယ်နေရသည့် စစ်ကောင်စီ စစ်ရှုံးနေမှုများအား ဖုံးမရဖိမရဖြစ်လာ၍ ဖြစ်သည်ဟု ပြောဆိုမှုများလည်း ရှိသည်။

” သူတို့ ပြိုကွဲနေပြီ၊ လော်ဘီတွေကိုယ်တိုင် သိပါတယ်။ ဘယ်သတင်းတွေက အမှန် ဘယ်ဟာကအမှားဆိုတာကို၊ အမှီအခိုကင်းတဲ့ သတင်းဌာနတွေက မြေပြင်သတင်းရင်းမြစ်တွေဆီကရတဲ့ အချက်အလက်တွေနဲ့ သတင်းတည်ဆောက်ကြတာဆိုတော့ သတင်းအမှား ဖြစ်စရာမရှိဘူး။ ပြီးတော့ ဂျာနယ်လစ်တွေမှာလည်း စစ်စည်းကမ်းလောက် တင်းကျပ်တဲ့ ကျင့်ဝတ်တွေကို သစ္စာစောင့်သိရသူတွေလေ” ဟု ပြည်တွင်း၌ သတင်းအလုပ်လုပ်ကိုင်နေသည့် စီနီယာ ဂျာနယ်လစ်တစ်ဦးက ပြောသည်။

အဆိုပါ စစ်တပ်ဝါဒဖြန့်ချန်နယ်များသည် စစ်ကောင်စ်တပ်သားများ လက်နက်ချ ထွက်ပြေးသည့် သတင်းများအား အထူးဖုံးဖိလေ့ရှိပြီး ယခုဝါဒဖြန့်ရာ၌ အဆိုပါ သတင်းများ တင်ပါက စစ်ကောင်စ‌ြတပ်သာနှင့် ရဲများ၏ အသက်၊ အနာဂါတ်များ ထိခိုက်စေသည်ဟုလည်း ဆိုထားသည်။

” တစ်ဘက်ရန်သူရဲ့ ဆိုက်ဝါး လှလှလေးထဲ မိမိ တန်ဖိုးထားရသော သူရဲကောင်း စစ်သည်တော်တို့ရဲ့ အသက် အနာဂါတ်များ မထိခိုက် မပျောက်ဆုံးပါစေနဲ့” ဟု ရေးသားထားသည်ကိုလည်း တွေ့ရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်ဝါဒဖြန့်ချန်နယ်များ အလွန်များပြားလာခဲ့ပြီး ၎င်းတို့၏ နောက်ကွယ်၌ အမျိုးသားရေး ဝါဒီများ၊ ငွေကြေးဖြင့် ဝယ်ယူခြ၄င်ခံရသည့် သတင်းသမားအချို့၊ စစ်ဘက်-ရဲဘက် ထောက်လှန်းရေး သူလျှိုများနှင့် စစ်တပ်မှ အရာရှိများ ပါဝင်ပတ်သတ်နေသည်ဟု သိရသည်။

လက်ရှိ စစ်ကောင်စီ စစ်ရှုံးလာချိန်တွင် စစ်တပ်ဝါဒဖြန့်ချန်နယ်အများအပြားသည် စစ်ခေါင်းဆောင်အပေါ် မထိခလုတ် ထိခလုတ် ဝေဖန်ရာမှ ပေါ်ပေါ်တင်တင် ဝေဖန်ပြစ်တင်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ပြီးခဲ့သည့် လက ကြံခိုင်ရေးပါတီ၏ ဝါဒဖြန့် မီဒီယာဖြစ်သည့် People Media မှ ကျော်စိုးဦးသည် နေပြည်တော် Sold out ပုံကိုင်ကာ စစ်တပ်ကို ဝေဖန်ခဲ့ပြီးနောက် ခေတ္တ အဖမ်းခံခဲ့ရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *