စစ်တပ်၏ ပစ်ခတ်ဗုံးကျဲမှုများကြောင့် အရပ်သားပြည်သူ ၁၀ ဦးထက်မနည်းသေဆုံး

မြ၀တီမြို့၊ အမှတ် ၂ တံတား ဝန်းကျင်ကို ယနေ့ နံနက်အစောပိုင်း စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးများ ကျဲချ၊ စစ်တပ်၏ ပစ်ခတ်ဗုံးကျဲမှုများကြောင့် အရပ်သားပြည်သူ ၁၀ ဦးထက်မနည်းသေဆုံး

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ အမှတ် ၂ တံတားဝန်းကျင်ကို ယနေ့ နံနက် အစောပိုင်းတွင် စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးများကျဲချသွားကြောင်း ဒေသပြည်သူများနှင့် စစ်ရေး သတင်းရင်းမြစ်ကပြောဆိုသည်။

ဧပြီလ ၂၂ ရက်နေ့ နံနက် ၀၀ နာရီ ၂၅ မိနစ်အချိန်တွင်လည်းကောင်း၊ နံနက် ၀၀ နာရီ ၄၀ မိနစ်အချိန်တွင်လည်းကောင်း တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၆ လုံးဝန်းကျင်ကို ကျဲချသွားခဲ့ကြောင်း ၊ မြ၀တီတစ်မြို့လုံး ဗုံးပေါက်ကွဲမှုကြောင့် တုန်ခါသွားကြောင်း သိရှိရသည်။

“ဒီမနက်အစောကို တိုက်လေယာဉ်နဲ့ ဗုံးလာကျဲတာ။ နံနက် ၁၂ နာရီ ၂၅ မိနစ်မှာ ဗုံး ၃ လုံး။ နောက်တစ်ခါ နံနက် ၁၂ နာရီ ၄၀ မိနစ်မှာ ဗုံး ၃ လုံး စုစုပေါင်း ဗုံး ၆ လုံး ကျဲတာ။ အမှတ် ၂ တံတားဘက်အခြမ်းပဲ။ ပျက်စီးမှု မသိရသေးပေမယ့် ဗုံးပေါက်ကွဲမှုက အတော်ပြင်းထန်တယ်။ မြို့နားမှာ ကပ်ကျဲတာဆိုတော့ အိမ်တွေပါ တုန်ခါသွားတာ။ သေနတ်သံတွေလည်း ဆက်တိုက်ကြားရတယ်” ဟု မြ၀တီမြို့အခြေစိုက် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

မြ၀တီမြို့တွင် စစ်ကောင်စီက ယင်းသို့ လေယာဉ်ဖြင့် ဗုံးကျဲခြင်းနှင့် ပစ်ခတ်ခြင်းများကြောင့် ဧပြီလ ၂၀ ရက်နေ့ မှ ယနေ့ ဧပြီလ ၂၂ ရက်နေ့အထိ အရပ် သားပြည်သူများ ထိခိုက်သေဆုံးမှုများစွာ ဖြစ်ပေါ်နေပြီး လက်ရှိအချိန်အထိ အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြ၀တီမြို့အခြေစိုက် စစ်ဘေးရှောင် ကူညီရေး လုပ်ဆောင်နေသူတစ်ဦးက ပြောဆိုသည်။

“ကိုကျော်စွာရဲ့ သမီးနဲ့ ချွေးမနဲ့အတူ အသက် ၁၄ နှစ်အရွယ် မောင်မျိုးထက်အောင်ဆိုတဲ့ ကလေးပါ ဆုံးတယ်။ အဲဒီမှာတင် သေဆုံး ၃ ဦး။ နောက်တစ်ခါ အမှတ် ၅ ရပ်ကွက်နဲ့ စိုက်ဇုန်ဘက်တွေမှာ လက်နက်ကြီးကျလို့ သေတာ၊ ကျည်ထိ သေဆုံးတာတွေလည်းရှိတယ်။ ပရဟိတအဖွဲ့တွေဆီက သိရတာက သေဆုံး ၈ ဦးလောက်ရှိတယ်။ အနည်းဆုံးတော့ ၁၀ ဦးအထက်ပဲ။ ဒဏ်ရာရတာလည်း များတယ်။ မဲဆောက်ဆေးရုံကြီးမှာ မြ၀တီဘက်က လူနာတွေ အတော်များတယ်” ဟု စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။

ကော့ကရိတ်မြို့တွင် စစ်ကောင်စီတပ်က ဓာတုအဆိပ်ဗုံးများကို ဒရုန်းဖြင့် ကျဲချပြီး စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးရဲဘော်များ မူးဝေ၊ အော့အန်မှုများ ခံစားရ (ရုပ်/သံ)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာ သော အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် ဓာတုအဆိပ်ဗုံး ကျဲချပြီး စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ မူးဝေ၊ အော့န်ပြီး မြို့၏ တချို့နေရာများမှ ယာယီဆုတ်ခွာရကြောင်း ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

ယမန်နေ့ ဧပြီလ ၂၀ ရက်နေ့မှ စတင်၍ ကော့ကရိတ်မြို့အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ-၉၇ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားက ကော့ကရိတ်မြို့မြောက် ခြမ်းသို့ ဒရုန်းဖြင့် ဓာတုအဆိပ်ဗုံးများ ကျဲချကာ အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက် လာခဲ့ကြောင်း၊ ထို့ပြင် အတွဲလိုက်ဒုံးများ၊ ဟောင်ဝစ်ဇာ အမြောက်များ၊ လေယာဉ်များ အပါအဝင် မြေပြင်နှင့် ဝေဟင် အကြီးအကျယ် စစ်ကြောင်းထိုးလာကြောင်း၊ ထို့ကြောင့် မူလ စစ်ရင်ဆိုင်ထားသော မြို့၏ တချို့နေရာမှ တော်လှန်ရေးတပ်ဖွဲ့များ ယာယီ ဆုတ်ခွာရကြောင်း သိရှိရသည်။

“ဒရုန်းတွေနဲ့ အဆိပ်ဗုံးတွေ ကျဲချတယ်။ အဲဒီဗုံးတွေက အငွေ့တွေကို ရှုမိရင် ရဲဘော်တွေ မူးဝေ အော့အန်ပြီး ဘာမှ မလုပ်နိုင်တော့ဘူး။ နောက်တော့ စစ်တပ်က အတွဲလိုက်ဒုံးတွေ၊ ဟောင်ဝစ်ဇာအမြောက်တွေ ၊ တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်ဗုံးကျဲပြီး တက်လာတာ။ စစ်ဆိုင်ထားတဲ့နေရာတွေ ယာယီ ဆုတ်ပေးရတာတော့ရှိပါတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ထိုသို့ ဓာတုအဆိပ်ဗုံးအသုံးပြုကာ ကျဲချတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် မြို့တွင် နေပြည်သူအချို့ ဓာတုအဆိပ်သင့်ကာ မူးဝေ အော့အန်ခြင်း၊ အသက်ရှုကြပ်ခြင်း ဝေဒနာများခံစားနေ ရပြီး မြေပြင်တပ်စွဲ ထားရာမြို့တွင်း နေရာချို့ကို ဆုတ်ခွာပေးလိုက်ရကြောင်း သိရသည်။

“တိုက်ပွဲက မပြီးသေးဘူး၊ မြေပြင်မြို့တွင်းနေရာအချို့ကို ယာယီစွန့်ခွာပေးလိုက်ရတာရှိတယ်။ မငြိမ် သေးဘူး၊ စစ်ခွေးတွေဘက်က ဓာတုအဆိပ်ဗုံးတွေကို ဒရုန်းနဲ့ကျဲချနေတာ၊ အဲဒါကြောင့် ရဲဘော်တွေ မူးဝေအော့အန်တာ၊ အသက်ရှုကြပ်တာတွေဖြစ်တယ်။ မြေပြင် Update အခြေအနေတော့ မသိရ သေးဘူး” ဟု ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးကပြော ကြားသည်။

ဧပြီလ ၁၁ ရက်နေ့မှစ၍ မြဝတီမြို့ကို စစ်ကူပေးရန် ကြည်းကြောင်း၊ လေကြောင်းအသုံးပြုကာ ချီ တက်လာသော အကြမ်း ဖက်စစ်ကြောင်းများကို ကော့ကရိတ်မြို့အနီးတဝိုက်၌ KNLA ပူးပေါင်း တပ် ဖွဲ့များက ခုခံတိုက်ခိုက်လျက်ရှိကြောင်း၊ အကြမ်းဖက်စစ်တပ်ကလည်း လက်နက်ကြီး၊ လေကြောင်း တို့ဖြင့် ကော့ကရိတ်မြို့နှင့်အနီးတဝိုက်ကျေးရွာများကို ဗုံးကျဲပစ်ခတ်တိုက်ခိုက်လျက်ရှိရာ ဒေသနေ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ဗီဒီယို- ဓာတုဓာတ်ငွေ့ အဆိပ်ဗုံးမှ အငွေ့များကို ရှုရှိုက်မိ၍ ဆေးကုသမှု ခံယူနေရသည့် ကျားဖြူစစ်ကြောင်းမှ ရဲဘော်တစ်ဦး။


Comments

Leave a Reply

Your email address will not be published. Required fields are marked *