တမူးနယ် လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ငါးဦးအထိ ရှိလာ၊ ဒဏ်ရာရသူလည်း (၁၀)ဦးကျော်၊

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်က တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ခမ်းပါတ်မြို့နဲ့ စောဘွားရေရှင် ကျေးရွာကို စစ်အုပ်စုက ဒီမနက် အစောပိုင်း လူအိပ်ချိန် တိုက်လေယာဉ်နဲ့ ဗုံးကြဲ သတ်ဖြတ်ခဲ့ရာ သေဆုံးပြည်သူ ငါးဦးအထိ ရှိလာပြီး ဒဏ်ရာရသူကလည်း (၁၂)ဦးထက်မနည်း ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေကပြောပါတယ်။

သေဆုံးသူတွေဟာ စော်ဘွားရေရှင်ကျေးရွာက သုံးဦးနဲ့ ခမ်းပါတ်မြို့က ဘာသာရေးဆရာရဲ့ သားတစ်ဦး အပါအ၀င် နှစ်ဦး၊ စုစုပေါင်း ငါးဦး ဖြစ်ပြီး ဒဏ်ရာရရှိသူတွေကတော့ ခမ်းပါတ်မြို့က ခုနှစ်ဦးနဲ့ စော်ဘွားရေရှင်ရွာက ငါးဦး ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ အပျက်အစီးတွေကြားထဲ ကူညီကယ်ဆယ်ရေး ဆက်လုပ်နေဆဲ ဖြစ်ပြီး ဒဏ်ရာရသူတွေဟာလည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထား ရှိတယ်လို့‌ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီနေ့ ဧပြီ(၂၂)ရက် မနက်(၂)နာရီလောက်မှာ စစ်အုပ်စုက ခမ်းပါတ်မြို့နဲ့ စော်ဘွားရေရှင် ကျေးရွာ အပါအဝင် နေရာ သုံးနေရာလောက်ကို ပေါင်(၅၀၀)ဗုံးတွေ အပါအဝင် တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်တာလို့ ဆိုပါတယ်။

“မနက်(၂)နာရီမှာ နှစ်မိနစ်လောက် ကြဲတယ်။ ခမ်းပါတ်က အမှတ်(၁) (ရပ်ကွက်)ရယ်၊ (၄)ရယ်ရယ်။ ဒီဘက်မှာ သုံးကြိမ် ကြဲတယ်။ ပထမဆုံးက ပေါင်(၅၀၀)(ဗုံး) ချတယ် ထင်တယ်။ အိမ်တွေပါ တုန်တယ်။ အိမ်တွေပါ လှုပ်တယ်။ ကလေးဆို သေးတွေပါ ထွက်တယ်။ ကြောက်လို့”

စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲမှုအတွင်း စော်ဘွားရေရှင်ကျေးရွာ (က)ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦး ခန္ဓာကိုယ် အစိပ်စိပ် အမွာမွှာ ဖြစ်ကာ သေဆုံးတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အားလုံးက အတည် မပြု နိုင်သေးဘူး။ တညလုံး တမူး၊ ကလေးလမ်းဘက်က ရွာတွေ ပတ်ကြဲနေတာဆိုတော့။ ဘယ်နှစ်ရွာ တိုက်ခိုက်တယ်ဆိုတာ စုံစမ်းနေရတုန်း။ လောလောဆယ် ခမ်းပါတ် အမှတ်(၁)မှာ သေဆုံး တစ်၊ အရေးပေါ် နှစ်၊ စော်ဘွား(က) နံကပ်အိမ်ပေါ်ကျ၊ အိမ်ရှင်အမျိုးသမီး အစိပ်စိပ် အမွှာမွှာ သေဆုံး၊ နှစ်ဦး အရေးပေါ် အခြေအနေ”

ခမ်းပါတ်မြို့ကို ၂၀၂၃ နှစ်ကုန်ပိုင်းက စပြီး တော်လှန်ရေးတပ်တွေက သိမ်းပိုက် ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ယခုနှစ် ဇန်နဝါရီလဆန်းကလည်း တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ခမ်းပါတ်မြို့နဲ့ ကနန်ရွာက ဘုရားကျောင်း၊ စာသေင်ကျောင်းနဲ့ နေအိမ်တွေကို တနင်္ဂနွေနေ့ ဘုရားကျောင်း တက်ချိန်မှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲ ပစ်ခတ် သတ်ဖြတ်ခဲ့လို့ ကလေးသူငယ်တွေ အပါအဝင် ပြည်သူ (၁၇)ဦး သေဆုံး ခဲ့ပါတယ်။

တမူးနယ်၊ ခမ်းပါတ်မြို့နဲ့ စော်ဘွားရေရှင်ကျေးရွာကို ဒီနေ့ ဧပြီ(၂၂)ရက် မနက်(၂)နာရီဝန်းကျင် လူအိပ်ချိန် စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်လို့ သေဆုံးသူများနှင့် အပျက်အစီးများ/Photo – CJ


Comments

Leave a Reply

Your email address will not be published. Required fields are marked *