မြဝတီမြို့ အမှတ်(၂) ထိုင်း – မြန်မာချစ်ကြည်ရေးတံတားတိုက်ပွဲ စစ်ကောင်စီတပ် ၃၀ထက်မနည်းသေ

တပ်မ(၄၄)တပ်မမှူး ဗိုလ်မှူးကြီးစိုးမင်းထက် အပါအဝင် ၃၀ ထက်မနည်း ဒဏ်ရာရဟု KNU ထုတ်ပြန်

စစ်ကူလာသည့် အောင်ဇေယျစစ်ကြောင်းကြားဖြတ်တိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ခြောက်ဦးသေ၊ သံချပ်ကာယာဉ် တစ်စီး၊ စစ်သုံးကား နှစ်စီးအပါအဝင် လက်နက်ခဲယမ်းများရ

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၂) ထိုင်း – မြန်မာချစ်ကြည်ရေးတံတားတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ထက်မနည်းသေဆုံးပြီး တပ်မ(၄၄)တပ်မမှူး ဗိုလ်မှူးကြီး စိုးမင်းထက် အပါအဝင် ၃၀ထက်မနည်း ဒဏ်ရာရရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ယနေ့(ဧပြီ ၂၂ ) ထုတ်ပြန်​ကြေညာလိုက်သည်။

ဧပြီ ၂၀ ရက်တွင် စခန်းအားစွန့်ခွာ၍ မြဝတီမြို့နယ် ထိုင်း – မြန်မာချစ်ကြည်ရေး တံတား အမှတ် (၂)အောက်သို့ ထွက်ပြေးတိမ်းရှောင် ခိုအောင်းနေသော ခလရ-၂၇၅ မှ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်များအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တို့နှင့်အတူ ပူးပေါင်းသွားရောက်တိုက်ခိုက်ခဲ့ခြင်းဟု KNUက ဆိုသည်။

တော်လှန်ရေးပူးပေါင်းတပ်များက မြတတီမြို့အမှတ်(၂)တံတားရှိ စစ်ကောင်စီတပ်သားများအား ၃၆နာရီကြာတိုက်ခိုက်ပြီးနောက် ယမန်နေ့ (ဧပြီ ၂၁ရက်) နံနက် ၈နာရီခန့်တွင် ပစ်ခတ်မှုရပ်ပြီးနောက် နံနက်၉နာရီခန့်တွင် ယာယီဆုတ်ခွာထားသည်။

တော်လှန်ရေးပူးပေါင်းတပ်များက အမှတ်(၂) တံတားရှိ စစ်ကောင်စီတပ်သားများအား ဧပြီ ၁၉ရက် ည ၇နာရီခန့်က စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သို့သော် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ယမန်နေ့(ဧပြီ ၂၁ရက်)ညပိုင်း၌ လေကြောင်းမှ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ယမန်နေ့ည ၁၂နာရီကျော်တွင် မြဝတီမြို့ အမှတ်(၂)တံတားအနီး နေရာများကို လေကြောင်းမှ ငါးကြိမ်ခန့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

” ဘာတွေလာပစ်နေလဲတော့ မသိဘူး။ လာပစ်တာပဲ”ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

သို့သော် ယနေ့(ဧပြီ ၂၂ရက်)တွင် ပစ်ခတ်မှုမရှိဘဲ မြဝတီမြို့ပေါ်၌ ငြိမ်သက်နေသည်ဟုလည်း ၎င်းက ဆိုသည်။

ထို့အပြင် မြဝတီမြို့သို့ ထိုးစစ်ဆင်လာသော အာဏာသိမ်းစစ်ကောင်စီတပ်များအား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) မှ ဦးဆောင်၍ ကြားဖြတ်တိုက်ခိုက်ခဲ့ရာဧပြီ ၂၁ ရက်တိုက်ပွဲတွင် သံချပ်ကာယာဉ် တစ်စီး၊ စစ်သုံးကား နှစ်စီး အပါအဝင် စက်လက်တစ်လက်နှင့် လက်နက်ခဲယမ်း များ သိမ်းဆီးရမိပြီး ဗိုလ်ကြီး တစ်ဦး နှင့် ဗိုလ်တစ်ဦး အပါအဝင် ခြောက်ဦးသေဆုံးခဲ့ကြောင်းလည်း KNUက အသိ​ပေးထားသည်။

ကော့ကရိတ်မှ မြဝတီမြို့သို့ စစ်ကူအဖြင့် ထိုးစစ်ဆင်လာသော အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်များအား ကြားဖြတ်တိုက်ခိုက် ချေမှုန်းရာ ဧပြီ ၂၁ရက်တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး တစ်ဦးအပါအဝင် စုစုပေါင်း ခြောက်ဦး သေဆုံးခဲ့ပြီး သံချပ်ကာယာဥ် တစ်စီး၊ စက်သေနပ်တပ်ဆင်ထားသော စစ်သုံးယာဥ် နှစ်စီး၊ ပွိုင့်ဖွိုက် တစ်လက်အပါအဝင် လက်နက်ငယ် (၁၁) လက်နှင့် ခဲယမ်းမျိုးစုံ သိမ်းဆည်းရခဲ့သည်ဟု အသိပေးသည်။

အာဏာသိမ်း စစ်ကောင်စီတပ်သည် ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့အား ပြန်လည်ရရှိရန် “အောင်ဇေယျ” အမည်ဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ်အားဖော်ဆောင်၍ လူအင်အား၊ လက်နက်အင်အား အပြည့်အစုံဖြင့် ထိုးစစ်ဆင် ချီတက်လျှက်ရှိနေပြီး လက်နက်ကြီး ပစ်ကူဖြင့် သော်လည်းကောင်း၊ လေယာဥ်ပစ်ကူဖြင့်သော်လည်းကောင်း နေ့ညမပြတ် လိုက်လံဗုံးကြဲ ပစ်ခတ်လျှက်ရှိနေသည်ဟု အသိပေးထားသည်။

ထို့အပြင် ကေအဲယူန်ယူ – တပ်မဟာ (၆) ဒူးပလာယာခရိုင်အတွင်း ကျန်ရှိနေသေးသော အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်စခန်းများအား အပြီးသတ် တိုက်ခိုက်ချေမှုန်း သိမ်းပိုက်နိုင်ရန် နေရာအနံ့ နေ့စဥ်နှင့်အမျှ နှစ်ဖက် တိတွေ့ရင်ဆိုင်တိုက်ပွဲများရှိနေသလိုအာဏာသိမ်းစစ်ကောင်စီတပ်မှ အများအပြား ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့ရပြီး မြောက်များစွာသော လက်နက်ခဲယမ်းများနှင့် အခြားတန်ဖိုးရှိ ပစ္စည်းများစွာတို့အားလည်း ၎င်းတို့ထံမှ သိမ်းဆည်းရမိခဲ့သည်ဟု ထပ်မံ ထုတ်ပြန်ထားသည်။

စစ်ရေးအရ ရှုံးနှိမ့်နေသည့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များသည် နေ့စဉ်နှင့်အမျှ လက်နက်ကြီးများနှင့် လေယာဉ်တို့ကိုအားကိုကာ ပြည်သူလူထုများနေထိုင်သည့် ကျေးရွာများသို့ ရမ်းသမ်း၍သော်လည်ကောင်း ရည်ရွယ်ချက်ရှိရှိ သော်လည်ကောင်း လိုက်လံဗုံးကြဲပစ်ခတ်လျှက်ရှိသည်။

ဖားဆောင်းစခန်းကို ကွပ်ကဲခဲ့သည့် တပ်မ( ၄၄) မှ တပ်မမှူး ဗိုလ်မှူးချုပ် စိုးမင်းသက် ၊ ခြေမြန်တပ်ရင်း (၂၇၅) သည် မြဝတီမြို့၊ ထိုင်း-မြန်မာနယ်စပ်အနီး တိုက်ပွဲတွင် သေ ဆုံးခဲ့သည်ဟု ထိုင်းသတင်းဌာန The Nation က သတင်းဖော်ပြသည်။

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂)အနီးတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လေကြောင်း စစ်ဆင်ရေးအတွင်း ဒရုန်းများအသုံးပြု၍ဗုံးကြဲချမှုများကြောင့် စစ်အစိုးရတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့သည်။

ဗိုလ်မှူးချုပ် စိုးမင်းသက်သည်လည်းအဆိုပါ ဒရုန်း ဗုန်းများကြောင့် စစ်မြေပြင်တွင် သေဆုံးခဲ့သည်။

၄င်း၏ရုပ်အလောင်း ကို ပြန်လည်သယ်ယူနိုင်ရေးအတွက် မြန်မာစစ်အစိုးရက ထိုင်း-မြန်မာ နယ်ခြားကော်မတီမှတစ်ဆင့် ညှိနှိုင်းဆောင်ရွက်နိုင်ဖွယ်ရှိသည်။

သို့သော်လည်း ရုပ်အလောင်းပြန်သယ်ယူခြင်းဆိုင်ရာနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *