ကောလင်း အရှေ့ခြမ်းတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွား‌ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကောလင်းအရှေ့ဘက်ခြမ်းတွင် ယနေ့ ဧပြီ ၂၁ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များမှ နယ်‌မြေရှင်းလင်းမှုများလုပ်ဆောင်စဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း ရှစ်လောင်းရရှိခဲ့ကြောင်း သိရသည်။

ကောလင်းအရှေ့ခြမ်း တံဇူးရွာဘုရားကုန်းအနီးတွင် ယနေ့ နံနက် ၅နာရီခန့်က စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း Kawlin People Defense Force KLPDF ကထုတ်ပြန်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့များ အထိနာခဲ့ပြီး နေ့လယ် ၁၂ နာရီခန့်တွင် ကောလင်း မြို့အတွင်းမှ စစ်ကူအင်အား ၈၀ ခန့် ရောက်ရှိလာကာ တိုက်ပွဲဆက်လက် ပြင်းထန်ခဲ့ ကြောင်းသိရသည်။

“ဝန်းသိုဘက်ကနေလည်း ဟောင်ဝစ်ဇာတွေနဲ့လှမ်းထုတယ်။ နေ့လယ် ၁နာရီခွဲကျော်မှာ ကန့်ဘလူ ၆၀၀၆ တပ်ရင်းထဲကို MI-17 ဆင်းတယ်။ စစ်ကူကတော့ ကောလင်းဘက်ကနေပဲ တက်လာပါတယ်။ အဲဒီ့စစ်ကူစစ်ကြောင်းလည်း ကောလင်းဘက်ကို ပြန်ဆုတ် သွားရတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အထိနာနေသည့် စစ်‌ကောင်စီတပ်သည် ဝန်းသိုတပ်ရင်းမှ ဟောင်ဝှစ်ဇာပစ်ကူနှင့် ဒရုန်းဗုံးသီးများချ၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တဇူးဘက်သို့ တိုးလာသော စစ်‌ကောင်စီစစ်ကြောင်းသည် ထိခိုက်ကျဆုံးမှုများစွာဖြင့် ကောလင်းမြို့အတွင်းသို့ ပြန်လည်ဆုတ်ခွာသွားပြီး တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေ ရှင်းလင်းရေးလုပ်ဆောင်နေကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီအလောင်း ရှစ် လောင်းရရှိထားသည်ဟု ကနဦးသိရပြီး နောက်ဆက်တွဲကိုဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း ကောလင်းခရိုင်အမှတ် (၁) တပ်ရင်းနှင့် KLPDF က ဆိုထားသည်။

ပြီးခဲ့သည့် ဧပြီ ၁၃ရက်နေ့ကလည်း ကောလင်းအနောက်ဘက် စံတော်သာကုန်းမှ ပန်းတင်လမ်းဆုံကို စစ်ကောင်စီတပ်ဖွဲ့များ တိုးဝင်လာသည့်အတွက် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ရှေ့သို့ဆက်မတိုးနိုင်ဘဲ နောက်ပြန်ဆုတ်သွားကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *