နေပြည်တော် လေတပ် အတိုက်ခံရအပြီး အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံများ အဖမ်းခံရ

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ အေလာလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရပြီးနောက် ထိုလေဆိပ်အနီးရှိ ကျေးရွာ ၂ ရွာမှ အုပ်ချုပ်ရေးမှူးများအပါအဝင် ဒေသခံ ၇ ဦးကို စစ်တပ်က ဖမ်းဆီးထားသည်။

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ လေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရပြီးနောက် ထိုလေဆိပ်အနီးရှိ ကျေးရွာ ၂ ရွာမှ အုပ်ချုပ်ရေးမှူးများအပါအဝင် ဒေသခံ ၇ ဦးကို စစ်တပ်က ဖမ်းဆီးထားသည်ဟု စုံစမ်းသိရှိရသည်။

လယ်ဝေးမြို့နယ်၊ အေလာလေတပ်စခန်း ဧပြီ ၁၁ ရက်နေ့တွင် တိုက်ခိုက်ခံရပြီးနောက် ထိုနေ့တွင်ပင် အေလာမြို့ ရှမ်းရွာအုပ်ချုပ်ရေးမှူး ကိုမြဦး၊ ဗွက်ကြီးရိုးရွာ အုပ်ချုပ်ရေးမှူး မောင်ပုနှင့် ရှော့တိုက်ဒုံး၊ ဒုံးအခွံများတွေ့ရှိရာ လယ်ကွင်း၏ ပိုင်ရှင်ဖြစ်သူ ဦးသောင်းစိန် အပါအဝင် ဒေသခံတို့ကို ဖမ်းသွားခြင်းဖြစ်သည်ဟု ဖမ်းဆီးမှုဖြစ်စဉ်ကို သိရှိသည့် ဒေသခံတစ်ဦးက ပြောသည်။

“အပစ်ခံရတဲ့နေ့ နံနက် ၁၁ နာရီလောက်ပဲ ဖမ်းသွားတာ။ စစ်ကားတွေ အများကြီးနဲ့ လယ်ကွက်ထဲမှာ ရှော့တိုက်ဒုံး ၃ ခုနဲ့ အခွံ ၄ ခု တွေ့တယ် ပြောတယ်၊ အဲဒါနဲ့ အကွက်ပိုင်ရှင်ရယ်၊ အနားက ထန်းရည်ဆိုင်ပိုင်ရှင်တွေကို တစ်ခါတည်းဖမ်းသွားတာ၊ အုပ်ချုပ်ရေးမှူးကတော့ အသုံးမကျလို့ဆိုတဲ့ သဘောနဲ့ ဖမ်းသွားတာ” ဟု သူက ဆိုသည်။

ဖမ်းဆီးခံရသည့် ထန်းရည်ဆိုင်ပိုင်ရှင်များသည် အညာဒေသမှ လာရောက်ထန်းတက် လုပ်ကိုင်စားသောက်ကြသူများဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

ရှော့တိုက်ဒုံးများတွေ့ရှိခဲ့သည့် လယ်ကွင်းသည် ရှမ်းရွာနှင့် ဗွက်ကြီးရိုးရွာတို့နှင့် အလှမ်းဝေးသည့် ရွာသုသာန်အနီးတွင် ရှိပြီး လူသွားလာမှုနည်းသည့် နေရာတစ်ခုလည်း ဖြစ်သည်။

ဧပြီ ၁၁ ရက် နံနက် ၄ နာရီခန့်တွင် Mountain Knights Defense Force (MKCDF) အဖွဲ့က အေလာလေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး လေတပ်အရာရှိ ၅ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာများရရှိသည်ဟု ထုတ်ပြန်ထားသည်။ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ထိုတိုက်ခိုက်မှုသည် လေဆိပ်အတွင်းသို့ ကျရောက်ခြင်းမရှိဘဲ လေဆိပ်နားသို့သာ ကျရောက်ပေါက်ကွဲသည်၊ မပေါက်ကွဲသေးသည့် ရှော့တိုက်ဒုံးများလည်း တွေ့ရသည်ဟု စစ်ကောင်စီ ပြောခွင့်ရကဖြေကြားထားသည်။

“လူမရှိတဲ့နေရာ တိတ်တဆိတ်ဝင်လာပြီးတော့မှ ဒါကို အဝေးကနေ ရမ်းသန်းပစ်ခတ်သွားတာမျိုးပဲ ဖြစ်တယ်” ဟု သူက ဆိုသည်။

တိုက်ခိုက်မှုဖော်ဆောင်ခဲ့သည့် Mountain Knights Defense Force (MKCDF) အဖွဲ့ကို ဒေသခံများ ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အသွယ် မရသေးပေ။

အဖမ်းအဆီးအကြောင်းကို ပျဉ်းမနားနှင့် လယ်ဝေး ရဲစခန်းများသို့ လိုက်လံ စုံစမ်းမေးမြန်းသော်လည်း သိရှိပါက အကြောင်းကြားပေးမည်ဟု ပြောဆိုမှုသာရှိသည်၊ ၁၀ ရက်ကျော်သည်အထိ အဆက်အသွယ်မရသေးသည့်အတွက် မိသားစုဝင်များ လွန်စွာစိတ်ပူပန်နေရသည်ဟု ဖမ်းဆီးခံရသူတစ်ဦးနှင့် ဆွေမျိုးတော်သူတစ်ဦးက ဆိုသည်။

ရှော့တိုက်ဒုံးတွေ့ရှိ၍ ဖမ်းဆီးခံထားရသူများသည် ဒေသခံစစ်စစ်များ ဖြစ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

“အထက်က တရားခံ မမိဘူးလားဆိုပြီး ခုဖမ်းသွားတဲ့သူတွေကို အစားထိုးဖြစ်မှာ စိုးရိမ်နေတာ၊ သူတို့က နိုင်ငံရေးလည်း ဘာမှမသိဘူး၊ ပတ်လည်း မပတ်သက်ဘူး၊ ခုထိ ပြန်မလွှတ်တော့ စစ်ကြောရေးမှာ နှိပ်စက်ခံပြီး သေပြီလားပြောနေတော့ မိသားစုတွေလည်း စိတ်အရမ်းပူနေကြတာ” ဟု ၎င်းက ပြောသည်။

ဧပြီ ၄ ရက်နေ့ကလည်း လေတပ်ဌာနချုပ်နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်၏နေအိမ်ကို အသေခံဒရုန်း ၃၅ စင်းဖြင့် တိုက်ခိုက်ခဲ့ပြီး ၂၉ စင်းမှာ ပစ်မှတ်များသို့ ရောက်ရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြေညာထားသည်။

၈ ရက်နေ့ကလည်း စစ်ဗိုလ်ချုပ်အများအပြား မွေးထုတ်ရာ ပြင်ဦးလွင်မြို့ရှိ DSA စစ်တက္ကသိုလ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *