မုံရွာမြို့မှ ထွက်လာသော စစ်ကားတစ်စီးကို မိုင်းဆွဲမှု စစ်သား ၅ ဦးထက်မနည်းသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင်အကြမ်းဖက်စစ်ကားတစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကားပျက်စီးသွားပြီး ကားပေါ်ပါ စစ်သား ၅ ဦးအထက်သေဆုံးနိုင်ကြောင်း Area 71 PDF Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့ ည ၉ နာရီ ၃၆ မိနစ်အချိန် မုံရွာမြို့မှ ချောင်းဦးမြို့သို့ ထွက်ခွာလာသော သံပြားကာ စစ်ကားတစ်စီးကို မိုင်းပွိုင့် ၂ ပွိုင့်ဖြင့် အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ပထမမိုင်းပွိုင့်မှာ ထိခိုက်မှုမရှိပဲ လွဲချော်သွားခဲ့ပြီး ဒုတိယမိုင်းပွိုင့်အရောက် ထပ်မံတိုက်ခိုက်ခဲ့ရာ ချိန်သားကိုက် ထိထိ မိမိ ဖောက်ခွဲနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့မိုင်းကွဲထိမှန်မှုကြောင့် ကားမှာ နေရာမှာပင် ပျက်စီးသွားပြီး ကားပေါ်ပါ စစ်သား ၅ ဦးထက် မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ကားပေါ်ပါ စစ်သားအချို့က ၄၀ မမ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ကာ မုံရွေးကြေးမုံရွာအတွင်းဝင် ရောက်ပြီး ဆဲဆိုကာ အချိန်အတော်ကြာသည်အထိ ရမ်းသမ်းပစ်ခတ်နေခဲ့ကြောင်း သိရသည်။

ထို့အပြင် မုံရွေးကြေးမုံရွာအနီးရှိ တောပုရွာနှင့် ခင်မွန်ဘက်စုံခြံအတွင်းရှိ အကြမ်းဖက်စစ်သားများက မိုင်းဆွဲခံရသည့်နေရာအနီးတဝိုက်သို့ ၆၀ မမ လက်နက်ကြီးဖြင့် ၃ ချက်ပစ်ခတ်ခဲ့ရာ ဒေသနေ ပြည် သူ ၃ ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့ကာ တစ်ဦးမှာ စိုးရိမ်ရသည့် အနေအထားရရှိခဲ့ကြောင်း သိရ သည်။

“ကားပေါ်ပါတဲ့ စစ်ခွေးတွေက များတယ်။ ကားကစုတ်ပြတ်သွားတာ၊ စစ်ခွေးသေတာကတော့ အနည်းဆုံး ၅ ကောင်အထက်ပဲ။ အတိအကျသိရဖို့တော့ ထပ်စုံစမ်းနေတုန်းပါ။ ကားပေါ်ကလည်း ဆင်းပစ်တယ်။ အနီးအနားက ခွေးတွေကိုလည်း အကူခေါ်တယ်။ အဲဒီအချိန်မှာ ကျနော်တို့ရဲဘော် တွေပိတ်မိသွားသေးတယ်၊ ပြည်သူတွေကူညီလမ်းပြပေးလို့ ပြန်ဆုတ်နိုင်ခဲ့တာ။ ကားကိုတော့ စွမ်းရည်ထက်မှာ တပ်စွဲထားတဲ့စစ်ခွေးတွေက အခြားကားတစ်စီးနဲ့လာဆွဲသွားတယ်။ လာဆွဲပြီးမှပဲ ဆဲဆိုသံနဲ့ ပစ်ခတ်သံတွေရပ်သွားတော့တာ” ဟု Area 71 PDF Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို Area 71 PDF Monywa နှင့် ANYAR DEFENCE FORCE (ADF) မုံရွာ ခရိုင်တပ်ရင်း ၈ PDF အဖွဲ့တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင် များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top