ကလေးမြို့ စစ်ကောင်စီတပ်အခြေစိုက် ၂ နေရာကို ဒရုန်းဖြင့်တိုက်ခိုက်

စစ်ကိုင်းတိုင်း ၊ ကလေးမြို့ရှိ စစ်ကောင်စီတပ်အခြေစိုက်တပ်စွဲထားသည့် နေရာနှစ်ခုကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း Wings of Kalay အဖွဲ့က ဧပြီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်သည်။

ကလေးမြို့အစွန် တောင်ဘက်ရှိ အဖွဲ့စက်ဂိတ်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဧပြီလ ၂၁ရက်နေ့တွင် Fixed Wing ဒရုန်းများအသုံးပြုကာ ဗုံးသီးငါးလုံးချ၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တဖန် ဧပြီလ ၂၂ ရက်နေ့တွင် အင်အား ၁၀၀ ခန့်ဖြင့် ကလေးတက္ကသိုလ်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်းအသုံးပြုကာ ဗုံးလေးလုံးဖြင့် ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ကျောင်းဝင်းထဲမှာကတော့ ထိခိုက်သေဆုံးတာမသိရဘူး ၊ ဝင်းထဲမှာနေကြတာဆိုတော့ သတင်းထောက်လို့မရသေးဘူး၊ အဖွဲ့စက်မှာတော့ ဘန်ကာပျက်ပြီးသေတာတွေကို ပြန်သိရတယ်” ဟု Wings of Kalay တာဝန်ရှိသူကပြောသည်။

အဖွဲ့စက်ဂိတ် ဗုံးချတိုက်ခိုက်ရာတွင် ဗိုလ်တဦးအပါအဝင် လေးဦးသေဆုံးပြီး ဘန်ကာ တစ်ခု ပျက်စီးခဲ့သည် ဟုဆိုသည်။

တက္ကသိုလ်ဝင်းအတွင်းတိုက်ခိုက်မှုတွင် ပစ်မှတ်များကို ၇၅ရာခိုင်နှုန်းထိခိုက်ခဲ့သော်လည်း စစ်ကောင်စီတပ်သား သေဆုံးဒဏ်ရာရမှုအခြေအနေကို မသိရှိရသေးကြောင်း Wings of Kalay တာဝန်ရှိသူကဆက်ပြောသည်။

ယင်းသို့တိုက်ခိုက်မှုများအတွင်း သေဆုံးဒဏ်ရာရမှုအခြေအနေများနှင့်ပတ်သက်၍ မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

အဆိုပါတိုက်ခိုက်မှုများကို ကလေးခရိုင်ပြည်သူ့ကာကွယ်ရေး ဒရုန်းတပ်ဖွဲ့ (Wings of Kalay) နှင့်အတူ ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ကလေးဒေသ တော်လှန်ရေးတပ်(Kalay Revolution Force – KRF) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ကလေးမြို့နယ်မြောက်ပိုင်း၌ စစ်ကောင်စီတပ်သည် စစ်ကြောင်းထိုး၍ လူနေအိမ်များမီးရှို့ဖျက်ဆီးပြီး ဒေသခံများ၏ စားနပ်ရိက္ခာနှင့် လူ့အသုံးဆောင်ပစ္စည်းများကို လုယူနေချိန်တွင် ယခုကဲ့သို့ စစ်ကောင်စီတပ်အထိုင်စခန်းများကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Wings of Kalay တပ်ဖွဲ့သည် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်းပြီး ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို ဒရုန်းများဖြင့်တိုက်ခိုက်နေသော အဖွဲ့ အစည်းတခုဖြစ်ကြောင်း သိရသည်။

Leave a Comment