အမှတ် (၂)တံတားအနီး ထွက်​ပြေးဆုတ်ခွာခဲ့သည့် စစ်ကောင်စီတပ် BGF အကူအညီဖြင့် ခလရ(၂၇၅)၌ ပြန်နေရာယူထား ဟု ကရင်သတင်းရင်းမြစ်ပြော

KNLA က ဦးဆောင် သိမ်းပိုက်ခဲ့သော မြ၀တီမြို့စောင့်တပ် ၂၇၅ တွင် စစ်ကောင်စီ အလံလာတင်ရန် BGF က အဓိက လုံခြုံရေး အကူအညီပေး ခေါ်ဆောင်လာ

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ဖျက်ဆီးခဲ့သော ခလရ ၂၇၅ တပ်နေရာတွင် စစ်ကောင်စီအလံလာတင်ရန် နယ်ခြားစောင့် (BGF) က အဓိက အကူအညီပေးခဲ့ကြောင်း မြ၀တီမြို့ အခြေစိုက် တော်လှန်ရေးနှင့် စစ်ရေး သတင်းရင်းမြစ်ကပြောဆိုသည်။

“အလံလာတင်တာလည်း အတည်ပြုလို့ရတယ်။ BGF ကားနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ခေါ်လာပြီး အလံတင်တာမှန်ကန်တယ်။ ဒါပေမယ့် လော လော ဆယ်တော့ ခလရ ၂၇၅ ထဲမှာ အင်အား အများကြီးတော့ ထားတာမျိုးမတွေ့ရသေးဘူး။

ဒါကိုတော့ သက်ဆိုင်တဲ့ တပ်ဖွဲ့နဲ့ အဖွဲ့အစည်းတွေက တရား ဝင် ရှင်းလင်းထုတ်ပြန်တာက ပိုပြီး ကောင်းလိမ့်မယ်။ အခုက ထိလွယ်ရှလွယ်တော့ မှတ်ချက်မပေးချင်ဘူး။ အဲဒီတော့ စစ်ကောင်စီ အလံလာတင်တာ မှန်တယ်။

BGF က ခေါ်လာတာလည်း မှန်ကန်တယ်။ အဲဒီအထဲမှာ အင်အားတော့ အများကြီး မတွေ့ရသေးဘူး။ နောက်နေ့ဘယ်လိုဖြစ်လာမလဲတော့ မသိသေးဘူး”ဟု မြ၀တီမြို့နယ် အခြေစိုက် တော်လှန်ရေးနှင့် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး KNU မှ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သူ ပဒိုစောတောနီးကို ဆက်သွယ်မေးမြန်းလျက်ရှိပြီး တစ်စုံတစ်ရာ တုံ့ပြန်ဖြေဆိုခြင်းမရှိသေးပေ။

ခလရ ၂၇၅ တပ်ကို ဧပြီလ ၁၀ ရက်နေ့တွင် KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းတပ်မှ အင်အား ၂၀၀ ဝန်းကျင်မှာ အမှတ် ၂ တံတားဘက်သို့ ညတွင်းချင်း ထွက်ပြေးသွားခဲ့ကြခြင်းဖြစ်သည်။

“ကရင်အချင်းချင်း ကိုယ့်နယ်မြေ ကိုယ့်ဒေသ ပြန်ရဖို့ အားပေးရမယ့်အစား သူတို့က အဲဒီလို စိတ်ဓာတ်မှ မရှိဘဲ။ သူ့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် သူက စဉ်းစားတာ”

ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် မြ၀တီမြို့​စောင့်တပ် ခလရ(၂၇၅) တပ်ဖွဲ့ဝင်များသည် နယ်စပ်ရှိ ချစ်ကြည်ရေးတံတား(၂) အနီး ထွက်​ပြေးဆုတ်ခွာနေခဲ့ရာမှ ဧပြီ ၂၃ ရက်တွင် နယ်ခြားစောင့်တပ်ဖွဲ့(BGF) တပ်၏ အကူအညီဖြင့် ခလရ(၂၇၅)တပ်ရင်း၌ ပြန်လည် ဝင်ရောက် နေရာယူခဲ့ကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ခလရ(၂၇၅)မှ စစ်ကောင်စီတပ်များသည် ဧပြီ ၁၀ရက်ညပိုင်းတွင် တံတားဘက်သို့ ထွက်​ပြဆုတ်ခွာသွားရာ ပူးပေါင်းတပ်ဖွဲ့နှင့် ဧပြီ ၂၀ ရက်တွင် တံတားအနီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ခဲ့သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုများ ပြင်းထန်စွာ ပြုလုပ်ခဲ့ရာ ပူးပေါင်းတပ်များက ဧပြီ ၂၁ ရက်တွင် ပြန်လည်ဆုတ်ခွာခဲ့ရာ တံတားအနီးရှိ စစ်ကောင်စီတပ်သည် ယ​နေ့ (ဧပြီ ၂၃)၌ ခလရ(၂၇၅) သို့ ပြန်လည် နေရာယူခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“လက်ရှိ အခြေအနေက သူတို့ ၂၇၅ ပြန်ထိုင်နေပြီ။ BGFမကူညီရင် ဘယ်သူသွားကူညီမလဲ။သူက ကန့်လန့် ကန့်လန့် လုပ်နေတာ။ သူတို့က ဟိုဘက်(စစ်ကောင်စီဘက်)ပဲ ဒီဘက်(KNU ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်) မဟုတ်ဘူး။ ကရင့်လက်နက်ကိုင် ကရင်အချင်းချင်း ကိုယ့်နယ်မြေ ကိုယ့်ဒေသ ပြန်ရဖို့ အားပေးရမယ့်အစားသူတို့က အဲဒီလို စိတ်ဓာတ်မှ မရှိဘဲ။ သူ့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် သူက စဉ်းစားတာ။” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KNU ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်က စစ်အာဏာရှင်ကို ဝိုင်းဝန်းပြီးတိုက်နေချိန်တွင် BGFက စစ်ကောင်စီဘက်ကို ကူညီနေခြင်းဖြစ်ည်ဟု၎င်းကဆိုသည်။

“သူတို့က ကရင်ဖြစ်လျက်နဲ့ စစ်အာဏာရှင်ရဲ့ မကောင်းဆိုးဝါး အကျင့်စာရိတ္တတွေသိလျက် သွားပြီး ကူညီထောက်ပံ့တယ်ဆိုတာ သူတို့ ကိုယ်ကျိုးစီးပွားအတွက်ပဲ” ဟု ကရင်သတင်းရင်းမြစ်က ဆက်ပြောသည်။

တပ်စခန်းတစ်ခု ရရှိရေး များစွာ ရင်းနှီးပေးဆပ်ထားရခြင်းဖြစ်ရာ ခလရ(၂၇၅)အား အလွယ်တကူ ပြန်လည်ပေးလိုက်ရခြင်းမှာ စစ်ရေးအရ နစ်နာသည်ဟု ၎င်းက ဆိုသည်။

“ရှေ့ဆက်ပြီး တစ်ခုခုတော့ ပြန်တိုက်မှာတော့ တိုက်မှာ။တိုက်မယ့်နေရာကလည်း စစ်ဗျူဟာနဲ့ ပြန်စီစဉ်ပြီးပြန်သုံးသပ်ပြီး လုပ်ရမယ်” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယခု စစ်ကောင်စီတပ်များ ခလရ(၂၇၅)၌ ပြန်နေရာယူနိုင်ရန်အတွက် BGF တပ်နယ်(၃)က ကူညီပေးခဲ့ခြင်းဖြစ်သည်ဟု၎င်းကဆိုသည်။

“သူတို့ (BGF) ထိုင်တာ မထိုင်တာ တော့ မသိဘူး။ သူတို့ လမ်းဖောက်ပေးတာပေါ့။ ပထမ တံတအားအောက်ပြန်နေဖို့လည်း သူတို့ ကူညီပေးတာ၊ ပြန်တက်လာဖို့လည်း သူတို့ကူညီပေးတာ” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ရန်သူအား ကူညီပေးနေသည့် BGF နှင့် လတ်တလော ပဋိပက္ခဖြစ်ရန် အခြေအနေမရှိသော်လည်း နောက်ပိုင်းတွင် ရန်၊ ငါ ခွဲရမည်ဟုလည်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သို့​သော် BGF နှင့်နီးစပ်​သော သတင်းရင်းမြစ်တစ်ဦးက အမှတ်(၂) တံတားရှိ စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦးတို့သည် ယနေ့ နံနက်တွင် ခလရ(၂၇၅)သို့ သွားရောက်ပြီး အလံတင် ဓာတ်ပုံရိုက်ရုံသာရိုက်ခဲ့ပြီး တပ်မစွဲထားဟု ပြောသည်။

“တပ်စွဲထားတာလည်း မရှိဘူး။ အလံတင်ပြီး ဓာတ်ပုံရိုက်တာ။ ဝါဒဖြန့်ဖို့အတွက် သက်သက် ပဲ”ဟု BGFနှင့် နီးစပ်သူက ပြောသည်။

ထို့အပြင် ယနေ့နံနက် ၇နာရီခန့်က မြဝတီမြို့တွင်ပစ်ခတ်မှုတွင်လည်း ၎င်းတို့အချင်းချင်း ပစ်ခတ်မှုဟု ၎င်းကဆက် ပြောသည်။

“အချင်းချင်း ရုပ်ရှင်ရိုက်ကြတာ”ဟု ၎င်းက ဆက်ပြောသည်။ ထို့အပြင် လက်ရှိ မြဝတီမြို့ လုံခြုံရေးအား BGFက တာဝန်ယူထားသည်ဟုလည်း ဆိုသည်။ ထို​ကြောင့်စစ်​ကောင်စီတပ်မှာ ထွက်​ပြေး​ရွေ့​ပြောင်းထား​သော အမှတ် (၂ ) တံတားအနီးမှာပင်ဖြစ်​ကြောင်း၎င်းကဆက်​ပြောသည်။

ခလရ (၂၇၅)တွင် စစ်​ကောင်စီတပ် ပြန်တပ်စွဲ၊မစွဲကို သီးခြားအတည်မပြုနိုင်​သေးပါ။

BGF တပ်သည် ယခင်က စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့အဖြစ် တည်ရှိခဲ့သော်လည်း ၂၀၂၄ ဇန်နဝါရီလမှ စ၍ စစ်ကောင်စီထံမှ လစာရိက္ခာ တို့ မယူတော့ဘဲ ကရင်အမျိုးသားတပ်မတော်(KNA) အဖြစ် ပြောင်းလဲ စုဖွဲ့မှု ပြုလုပ်ခဲ့သည်ဟု​ကြေညာခဲ့သည်။ ထိုသို့စုဖွဲ့ခဲ့သော်လည်း စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်ရှိနေပြီး စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားခြင်း၊ တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိပေ။

KNUသည် မတ်လ ၇ရက်တွင် ထိုးစစ်အရှိန်မြှင့်တင်ပြီး မြ၀တီမြို့နယ် သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီ၏ ခမရ(၃၅၅)၊ ခမရ(၃၅၆)၊ ခမရ(၃၅၇) အပါအဝင် သင်္ဃန်းညီနောင်ဗျူဟာ တစ်ခုလုံးကို သိမ်းပိုက်ပြီး ဧပြီ ၁၁ရက်တွင် မြ၀တီ၌နောက်ဆုံးကျန်နေသည့် ခလရ(၂၇၅)တပ်ရင်းကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မြ၀တီသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်များကို KNLA ဦး​ဆောင်​သောပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်​​​နေရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီသေဆုံးခဲ့ကြောင်း KNUက အသိပေးထားသည်။

ထို့အပြင် ဧပြီ ၂၁ ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ သံချပ်ကာယာဉ်၊ စက်သေနတ်တင်ယာဉ် ၂ စီး အပါအဝင် လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့သည်။

အ​စောပိုင်းရက်များတွင်လည်း စစ်တပ်ယာဥ်အချို့ကိုဖျက်ဆီးနိုင်ခဲ့သည်။ထို​ကြောင့် ​အောင်​ဇေယျ စစ်​ကြောင်းမှာ ​ဒေါန​တောင်​ခြေမှပင် ​ရှေ့မတိုးနိုင်ဖြစ်​နေသည်။

(ခလရ( ၂၇၅)ကို​တော်လှန်​ရေးတပ်များတိုက်ခိုက်သိမ်းပိုက်ပြီး​နောက် ဧပြီ ၁၁ ရက်တွင်နယ်​မြေရှင်းလင်းပြီးသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNU)

ခလရ(၂၇၅)တပ်အား အမှတ်(၂)တံတားရှိ စစ်ကောင်စီတပ်က အလံတင် ဓာတ်ပုံရိုက်ပြီး ဝါဒဖြန့်

“တပ်စွဲထားတာလည်း မရှိဘူး။ အလံတင်ပြီး ဓာတ်ပုံရိုက်တာ။ ဝါဒဖြန့်ဖို့အတွက် သက်သက် ပဲ” – BGFနှင့် နီးစပ်သူ

ကရင်ပြည်နယ်၊ မြဝတီမြို့အဝင်ရှိ တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ခဲ့သော ခလရ(၂၇၅)တပ်ရင်းအား အမှတ်(၂) ချစ်ကြည် ရေးတံတား၌ ခိုလှုံနေသော စစ်ကောင်စီတပ်က အလံတင် ဓာတ်ပုံရိုက်ပြီး ဝါဒဖြန့်နေသည်ဟု ကရင်နယ်ခြားစောင့်တပ်(BGF)နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အမှတ်(၂) တံတားရှိ စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦးတို့သည် ယနေ့ နံနက်တွင် ခလရ(၂၇၅)သို့ သွားရောက်ပြီး အလံတင် ဓာတ်ပုံရိုက်ခဲ့သည်ဟု ၎င်းက ပြောသည်။

“တပ်စွဲထားတာလည်း မရှိဘူး။ အလံတင်ပြီး ဓာတ်ပုံရိုက်တာ။ ဝါဒဖြန့်ဖို့အတွက် သက်သက် ပဲ”ဟု BGF)နှင့် နီးစပ်သူက ပြောသည်။

သို့​သော် ပြည်သူများက အမှတ် (၂) တံတား နားမှ စစ်သား ၂ ​ယောက်တည်းဖြင့် ထိုသို့ သွား၍ ဓါတ်ပုံရိုက်၍မရ​ကြောင်း၊ မြဝတီမြို့ လုံခြုံ​ရေး တာဝန်ယူထား​သော BGF က ကူညီ၍သာ ထိုသို့သွား​ရောက်ဓါတ်ပုံရိုက်ရခြင်းဖြစ်​ကြောင်း​ပြောပြီး BGF ၏လုပ်ရပ်အ​ပေါ် ​မေးခွန်းထုတ်​နေမှုများလည်းရှိသည်။ထိုအပြင် စစ်​ကောင်စီ ဝါဒဖြန့်​သောပုံ ၁ ပုံတွင် BGF မှဒုတိယဗိုလ်မှူးကြီးနိုင်​မောင်​ဇော်နှင့်

စစ်တပ်အရာရှိတစ်ဦး တို့က ဖိုးဝီးကား အချို့​ရှေ့တွင်အတူရိုက်ထား​သောပုံကိုလည်း ပြည်သူများက​မေးခွန်းထုတ်​နေကြသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)သို့ ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးစား​နေဆဲဖြစ်ပါသည်။

ထို့အပြင် ခလရ(၂၇၅)တပ်အတွင်း စစ်ကောင်စီက အလံထောင်သည့်ဖြစ်စဥ်နှင့်ပတ်သက်ပြီး ကော်ဘရာစစ်ကြောင်း(၁) စစ်ကြောင်းမှူးဗိုလ်စောကော်ထံ ဆက်သွယ်မေးမြန်းရာ ‌ဖြေဆိုခြင်း မရှိပေ။

ခလရ (၂၇၅) ကို KNLA ၊ KNDO ၊ PDF ပူး​ပေါင်းတပ်များက ဧပြီ ၉ ရက်တွင်စတင်တိုက်ခိုက်ရာ ဧပြီ ၁၀ ရက်ည၌ စခန်းမှ စစ်သားများက အမှတ် (၂ )တံတားနားသို့ထွက်​ပြေးခဲ့သည်။ ဧပြီ ၁၁ ရက်တွင် KNLA ဦး​ဆောင်​သောပူး​ပေါင်းတပ်က စခန်းကို နယ်​မြေရှင်းလင်း​ရေးလုပ်ခဲ့ရာ လက်နက်ခဲယမ်းများစွာရရှိခဲ့သည်။ ထို​နောက် ဧပြီ ၁၅ ရက်တွင် စစ်​ကောင်စီလွှင့်ထူထား​သော အလံကို ​ကော်ဘရာစစ်​ကြောင်းကဖြုတ်ချ၍ ကရင့်အမျိုးသားအလံ​တော်ကိုလွှင့်ထူခဲ့သည်။ စစ်​ကောင်စီကလည်း ခလရ ၂၇၅ မှ စွန့်ခွာထွက်​ပြေးရပြီး​နောက် မကြာခဏ ဗုံးကြဲခဲ့​သော်လည်း စခန်းတွင် ​တော်လှန်​ရေးတပ်များ တပ်စွဲထားခြင်းလည်းမရှိ​ပေ ။

ထို​အ​ခြေအ​နေတွင် ဧပြီ ၂၃ ၌ စစ်​ကောင်စီတပ်မှ အရာရှိနှင့်တပ်သားတစ်ဦးက အလံသွားတင်ခဲ့ခြင်းဖြစ်​ကြောင်း BGF နှင့်နီးစပ်သူက​ဆိုသည်။

“မြဝတီက ခလရ(၂၇၅)ကို ရွှေဘတို့ပြန်ရခဲ့ပြီ…။

မြိုစောင့်တပ် ခလရ ၂၇၅ မှာ အမိမြန်မာနိုင်ငံတော်အလံကို ပြန်လည်လွှင့်ထူနိုင်ခဲ့ပါပြီ …။ခလရ(၂၇၅)ကိုပြန်လည်ရရှိဖို့ BGF အဖွဲ့များဟာ တပ်နဲ့တစ်သားတည်း စိတ်ဖြင့် ဆောင်ရွက်ခဲ့မှုအတွက် လေးစားဂုဏ်ပြုပါသည်”ဟုစစ်​ကောင်စီဝါဒဖြန့် ​ကျော်စွာ တယ်လီဂရန်က​ရေးသားထားသည်။

စစ်​ကောင်စီသည် ယခုကဲ့သို့အလံတင်ပြီး စစ်ရှုံး​နေသည်ကို စစ်နိုင်​နေသည် ပုံစံဝါဒဖြန့်ချီရန် ၊ ကရင်လက်နက်ကိုင်အဖွဲ့များကို ​သွေးခွဲရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်နိုင်​ကြောင်း စစ်​ရေး​လေ့လာသူတစ်ဦးက​ပြောသည်။ အမှန်တွင် အမှတ် ၂ တံတားအနီးထွက်​ပြေး​သော ခလရ ၂၇၅ စစ်သားများမှာ ခလရ ၂၇၅၌ ပြန်တပ်စွဲရန် သတ္တိမရှိဘဲ ထိုသို့တပ်စွဲပါက ​တော်လှန်​ရေးတပ်များကတိုက်ရပိုလွယ်​သော​ကြောင့် ပိုကြိုက်မည့်အ​ခြေအ​နေဖြစ်​ကြောင်း ၎င်းကဆက်​ပြောသည်။

အမှတ်(၂) ထိုင်း – မြန်မာချစ်ကြည်ရေးတံတားတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ထက်မနည်းသေဆုံးပြီး တပ်မ(၄၄)တပ်မမှူး ဗိုလ်မှူးကြီး စိုးမင်းထက် အပါအဝင် ၃၀ထက်မနည်း ဒဏ်ရာရရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ဧပြီ ၂၂ရက်တွင် အသိပေး ထုတ်ပြန်​ကြေညာသည်။

ဧပြီ ၁၀ ရက်ညကတည်းကစခန်းအားစွန့်ခွာ၍ မြဝတီမြို့နယ် ထိုင်း – မြန်မာချစ်ကြည်ရေး တံတား အမှတ် (၂)အောက်သို့ ထွက်ပြေးတိမ်းရှောင် ခိုအောင်းနေသော ခလရ(၂၇၅)မှ စစ်ကောင်စီတပ်အား ဧပြီ ၂၀ ရက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တို့နှင့်အတူ ပူးပေါင်းသွားရောက်တိုက်ခိုက်ခဲ့ခြင်းဟု KNUက အသိ​ပေးသည်။

တော်လှန်ရေးပူးပေါင်းတပ်များက မြဝတီမြို့အမှတ်(၂)တံတားရှိ စစ်ကောင်စီတပ်သားများအား ၃၆ နာရီကြာတိုက်ခိုက်ပြီးနောက် ဧပြီ ၂၁ရက် နံနက် ၈နာရီခန့်တွင် ပစ်ခတ်မှုရပ်ပြီးနောက် နံနက်၉နာရီခန့်တွင် ယာယီဆုတ်ခွာထားသည်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ဧပြီ ၂၁ရက် ညပိုင်း၌ မြဝတီမြို့ရှိ​နေအိမ်အချို့ကိုလေကြောင်းမှ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့​သည်။

သို့သော် ယနေ့(ဧပြီ ၂၃ရက်)တွင် ပစ်ခတ်မှုမရှိဘဲ မြဝတီမြို့ပေါ် အ​ခြေအ​နေမှာ ငြိမ်သက်နေသည်ဟုလည်း ဒေသခံတစ်ဦးက ဆိုသည်။

ထို့အပြင် မြဝတီမြို့သို့ စစ်ကူပို့ရန် စစ်​ကြောင်းထိုးလာသောစစ်ကောင်စီတပ်များအား ​ဒေါန​တောင်​ခြေတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) မှ ဦးဆောင်၍ ကြားဖြတ်တိုက်ခိုက်ခဲ့ရာဧပြီ ၂၁ ရက်တိုက်ပွဲတွင် သံချပ်ကာယာဉ် တစ်စီး၊ စစ်သုံးကား နှစ်စီး အပါအဝင် စက်လက်တစ်လက်နှင့် လက်နက်ခဲယမ်း များ သိမ်းဆီးရမိပြီး ဗိုလ်ကြီးတစ်ဦး နှင့် ဗိုလ်တစ်ဦး အပါအဝင် ခြောက်ဦးသေဆုံးခဲ့ကြောင်းလည်း KNUက အသိ​ပေးထားသည်။

အခုချိန်က ကိုယ့်ဘက်တော်သားတွေ ကျောချင်းကပ်ပြီး တိုက်နေရတဲ့ အချိန်ဖြစ်လို့ နားလည်မှုလွဲပြီး တစ်ဖွဲ့ဖွဲ့ကို အဆိုး မြင်သွားစေမယ့် အရေးအသားတွေ ရှောင်နေရတာနဲ့ ဘာမှကို မရေးဖြစ်တာ။ နှစ်ပေါင်းများစွာ မမှန်တဲ့ ပုံစံနဲ့ လည်ပတ်နေတဲ့ စနစ် တစ်ခုကို နေ့ချင်းညချင်း ပြင်ရခက်ပါတယ်။ အဖွဲ့အစည်း တခုတည်း အောက်မှာတင် အမြင်ကွဲပြားမှုတွေ ရှိနေကြတဲ့ ကြားထဲ ရန်သူက ငွေကြေး၊ လုပ်ပိုင်ခွင့် မျိုးစုံနဲ့ ချော့တခါ ချောက်တလှည့် ဆွဲဆောင် စည်းရုံးတဲ့အခါ ကြံ့ကြံ့ မခံနိုင်ကြသူတွေလည်း ရှိမှာပါပဲ။

လတ်တလော ပြောလို့ရတဲ့ သတင်းကတော့ ၂၇၅ ပြန်ပါသွားတယ် ဆိုတာ မဟုတ်ပါဘူး။ တံတားထိပ်မှာ တပ်စွဲထားတဲ့ ကောင်တွေ ၂၇၅ ထဲ ပြန်မလာရဲပါဘူး။ ဘာလို့ဆို ၂၇၅ နေရာက လက်ရှိနေရာထက် ပိုပြီး ချေမှုန်း ခံရဖို့ လွယ်ကူလို့ပါ။ အဲဒီနေရာကို ကိုယ့်ဘက်က နယ်မြေ ရှင်းလင်းပြီး နောက်ပိုင်း သိပ်အရေး မပါတော့လို့ သေချာတောင် စခန်း ချထားပုံ မရဘူး။ ဒါကြောင့် ဝါဒဖြန့်ဖို့ သက်သက် အတွက် အလံ ဝင်တင်သွားတာ။ ဗီဒီယို ကြည့်ရင် ဘေးမှာ တခြား စခ တစ်ကောင်မှ မရှိဘဲ သူတို့ နှစ်ကောင်တည်း ထီးထီးကြီး တင်နေတာ တွေ့လိမ့်မယ်။

ဒါပေမယ့် သူတို့ကို အဲ့လို ဝင်နိုင်အောင် အဖွဲ့ အစည်း တစ်ခုကတော့ ကူညီပေးခဲ့တာ ရှိတယ်။ ဒါကလည်း တဖွဲ့လုံးရဲ့ လက်ချက် မဟုတ်ဘဲ အထက်မှာ ပြောခဲ့သလို ရန်သူက စည်းရုံးတာကို တောင့်မခံနိုင်တဲ့ အုပ်စု တစ်ခုစာလို့ ပြောရင် ပိုမှန်တယ်။ လတ်တလော မြဝတီရဲ့ အခြေအနေက ရှုပ်ထွေးနေသလို အတူ လက်တွဲပြီး တိုက်နေတဲ့ သူအချင်းချင်း စိတ်ဝမ်းမကွဲအောင် သေချာ သတိထား နေရလို့ တော်တော်လေး အကဲဆတ်တဲ့ အခြေအနေလို့ ပြောရမယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *