ထိုင်ဝမ်မှာ ငလျင် ၈၀ ကျော် အတွဲလိုက် ဆက်တိုက် လှုပ်ခတ်

ထိုင်ဝမ်မှာ ငလျင်ပေါင်း ၈၀ ကျော် အတွဲလိုက် ဆက်တိုက် လှုပ်ခတ်ခဲ့ကြောင်း သိရပါတယ်။

ဧပြီ ၂၂ ရက် ညပိုင်းကနေ နောက်တစ်နေ့ မနက်ပိုင်းထိ ထိုင်ဝမ် အရှေ့ဖက် ကမ်းရိုးတန်းဟာ ငလျင်တွေရဲ့ ဒဏ်ကို သက်ရောက် ခံစားခဲ့ရတာ ဖြစ်ပါတယ်။ တချို့ ငလျင်တွေကြောင့် မြို့တော် ထိုင်ပေက အဆောက်အအုံ တချို့ပါ တသိမ့်သိမ့် တုန်ခါခဲ့တယ်လို့ ဆိုပါတယ်။

ငလျင်တွေထဲမှာ အပြင်းဆုံး တစ်ခုက ရစ်ချ်တာစကေး ၆.၃ အဆင့်အဖြစ် တိုင်းတာ ရရှိခဲ့ပါတယ်။ ငလျင်အများစုဟာ နိုင်ငံ အရှေ့ပိုင်းက ကျေးလက် ဧရိယာဖြစ်တဲ့ ဟွာလျန် တဝိုက်ကို ဗဟိုပြု လှုပ်ရှားခဲ့တာပါ။ အဲဒီ နေရာဟာ ဧပြီ ၃ ရက်က ရစ်ချ်တာစကေး ၇.၂ ငလျင်ကြီး လှုပ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ နယ်မြေလည်း ဖြစ်ပါတယ်။

ဟွာလျန် မီးသတ်နဲ့ ကယ်ဆယ်ရေး ဌာနက ဧပြီ ၃ ရက်နေ့ ငလျင်ကြောင့် အပျက်အစီးတွေ ဖြစ်ခဲ့လို့ စွန့်ခွာထားပြီးဖြစ်တဲ့ ဟိုတယ်တစ်လုံးဟာ အခုသီတင်းပတ် အစောပိုင်း ငလျင်တွေကြောင့် နောက်ထပ် နည်းနည်း ပိုတိမ်းစောင်းသွားတယ်လို့ ပြောပါတယ်။ ငလျင်တွေကြောင့် ထိခိုက်ပျက်စီးမှုတွေ နောက်ထပ် အနည်းအကျဉ်း ရှိခဲ့ပေမယ့် လူတွေ သေကြေ ဒဏ်ရာရတဲ့ သတင်းတွေတော့ မကြားရသေးပါဘူး။

ပထမဆုံး ငလျင်ဟာ ဧပြီ ၂၂ ရက် ညနေပိုင်းမှာ လှုပ်ခတ်ခဲ့ပြီး ရစ်ချ်တာစကေး ၅.၅ အဆင့် ရှိခဲ့ပါတယ်။ အဲဒါအပြီးမှာ နောက်ဆက်တွဲ ငလျင်တွေ ဆက်တိုက် လှုပ်ခဲ့ပြီး သန်းခေါင်ကျော် အချိန်လောက်မှာ ပိုမို အင်အားပြင်းတဲ့ လှုပ်ခတ်မှု နှစ်ခုကို ခံစား တွေ့ကြုံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီ ငလျင် နှစ်ခုစလုံးဟာ ရစ်ချ်တာစကေး ၆ အထက်တွေမှာ ရှိခဲ့တယ်လို့ အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီက ထုတ်ပြန်ခဲ့ပါတယ်။

ညလုံးပေါက် ငလျင်တွေ လှုပ်ခတ်နေမှုကြောင့် ဒေသခံတွေ တစ်ညတာလုံး စိုးရိမ် ထိတ်လန့်မှုတွေနဲ့ ဖြတ်သန်းခဲ့ရပါတယ်။ ဒါပေမဲ့ ငလျင်အန္တရာယ်နဲ့ ပတ်သက်ရင် ထိုင်ဝမ်မှာ စနစ်ကျပြီး ထိရောက်တဲ့ ကြိုတင်ပြင်ဆင် လေ့ကျင့်မှုတွေ ရှိခဲ့ပြီး ဖြစ်တဲ့အတွက် သွေးရူးသွေးတမ်း ရှုပ်ရှုပ်ထွေးထွေး ဖြစ်မလာအောင် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ထိုင်ဝမ်ဟာ ပထဝီဝင် အနေအထားအရ သမုဒ္ဒရာ ကြမ်းပြင်အောက် ပြတ်ရွေ့ ကျောက်ချပ်လွှာကြီး နှစ်ခုနားမှာ တည်ရှိနေတာကြောင့် ငလျင်တွေနဲ့ မကြာခဏ ကြုံရလေ့ ရှိတတ်ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက ထိုင်ဝမ်တောင်ပိုင်းမှာ ငလျင်လှုပ်ခတ်လို့ လူ ၁၀၀ ကျော် သေဆုံးခဲ့ဖူးပြီး ၁၉၉၉ ခုနှစ်တုန်းက ရစ်ချ်တာစကေး ၇.၃ ငလျင်ကြီး တစ်ခုကြောင့် အသေအပျောက် ၂၀၀၀ ကျော်ထိ များပြားခဲ့ဖူးကြောင်း သိရပါတယ်။

ကိုးကား: Reuters


Comments

Leave a Reply

Your email address will not be published. Required fields are marked *