ဆယ်ဇင်း ခမရ(၁၁၆)တပ်စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်နှင့် SNAတပ် ၃၀ကျော်သေဟုဆို

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယမန်နေ့ညတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဆယ်ဇင်း၌ ကျန်နေသည့် စစ်ကောင်စီ ခမရ(၁၁၆)တပ်စခန်းကို ဧပြီ ၂၀ရက်တွင် KIA ပူးပေါင်းတပ်က ထိုးစစ်ဆင်ခဲ့ရာ သုံးရက်ကျော်အကြာတွင် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

“ဆယ်ဇင်းရွာရှိ စကစနဲ့ SNA တပ်စခန်းတစ်ခု ရပြီ။ မနေ့ည ၁၁နာရီက ရတာ။ ဆယ်ဇင်းဘက် စကစ တပ်နဲ့ SNA အယောက် ၃၀ကျော်သေတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိမှုရှိသည်ဟု အသိပေးထားသော်လည်း အရေအတွက် အတိအကျမသိရသေးပေ။

KIAသည် ဧပြီဒုတိယပတ်က ဆယ်ဇင်းရှိ စစ်ကောင်စီ ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ရဲ ၂၂ဦး လက်နက်ချအညံ့ခံခဲ့သည်။

KIAသည် ဖားကန့်ရှိ စစ်ကောင်စီတပ်စခန်း အများအပြားကို ယခုနှစ်အတွင်း သိမ်းပိုက်ထားပြီးမြို့နယ် နေရာအများစုနှင့် မြို့အဝင် လမ်းကြောင်းများကို စိုးမိုးထိန်းချုပ်ထားသည်။

(ဆယ်ဇင်း ခမရ(၁၁၆)တပ်စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိသော လက်နက်များနှင့် တပ်စခန်းမြေပုံ။ ဓာတ်ပုံ – Myu Tsaw Kasa/FB)


Comments

Leave a Reply

Your email address will not be published. Required fields are marked *