မြ၀တီမြို့အတွက် စစ်ရေးအရ အရေးပါသည့် သင်္ဃန်းညီနောင် ဗျူဟာတစ်ခုလုံးကို KNU တပ်များ ထိန်းချုပ်ထားဟု အသိပေး

“၃၅၅ ၊၃၅၆ ၊ ၃၅၇ ၊ဗျူဟာ အကုန်လုံးကျွန်​တော်တို့ထိန်းထားတယ်​နော် ။လက်ရှိ ကျွန်​တော်တို့တပ်​တွေပဲ ရှိတယ် ။​အေးမရှိတာ တစ်ခုက အဲဒီ မြို့ထဲက ၂၇၅ ပဲရှိတယ်​နော်” -ပဒို​စော​တောနီး

ကရင်အမျိုးသားအစည်းအရုံး(KNU)ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များအနေဖြင့် မြ၀တီမြို့နယ် သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီတပ်ရင်းအားလုံးကို သိမ်းပိုက်ထိန်းချုပ်ထားဆဲဖြစ်ကြောင်း KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ယနေ့ ညနေပိုင်း၌ ထပ်မံအသိပေးပြောကြားသည်။

မြ၀တီ၌ ခလရ(၂၇၅)တပ်စခန်းတွင် KNLA နှင့်ပူး​ပေါင်းတပ်များတပ်မစွဲထားဘဲ စစ်ကောင်စီက ပြန်လည်နေရာယူထားသည့် အခြေအနေတွင် KNUက မြို့နယ်အတွင်း စစ်ရေးအရ အဓိက အရေးပါသည့် တပ်ရင်းများကို ထိန်းချုပ်ထားမှုကို အသိပေးသည်။

“ပိုပြီး ရှင်း​အောင်​ပြောချင်တာက ကျွန်​တော်တို့တပ်​တွေအကုန်လုံး သဃ်န်းညီ ​နောင် ၊၃၅၅ ၊၃၅၆ ၊ ၃၅၇ ၊ဗျူဟာ အကုန်လုံးကျွန်​တော်တို့ထိန်းထားတယ်​နော် ။လက်ရှိ ကျွန်​တော်တို့တပ်​တွေပဲ ရှိတယ် ။​အေးမရှိတာ တစ်ခုက အဲဒီ မြို့ထဲက ၂၇၅ ပဲရှိတယ်​နော် ။အဲတာ အားလုံးသိဖို့​​”ဟု ပဒို​​စော​တောနီးက ယ​နေ့ (ဧပြီ ၂၄ )ည​နေပိုင်းတွင် ဖြည့်စွက်​ပြောကြားသည်။

KNU ပူးပေါင်းတပ်သည် မတ်လ ၇ရက်တွင် စစ်ရေးအရှိန်မြှင့်ပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့ရာ ယင်းနေ့၌ပင် ခမရ(၃၅၅)ကို သိမ်းပိုက်ခဲ့သည်။မတ်လ ၁၁ ရက်တွင် ဖလူးစခန်း ၊ မတ်လ ၁၄ ရက်တွင် ကျိုင်ဒုံဗျူဟာ ၊ မတ် ၁၅ ရက်တွင် ခမရ ၃၅၆ စခန်းများကိုသိမ်းပိုက်နိုင်ခဲ့သည်။ထိုအပြင် ဧပြီ ၅ ရက်တွင် ခမရ ၃၅၇ နှင့် သဃ်န်းညီ​နောင် ဗျူဟာတို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

ခမရ ၃၅၇ နှင့် သဃ်န်းညီ​နောင်ဗျူဟာမှ ဗျူဟာမှူး အပါအဝင် အရာရှိ ၆၇ဦး၊ အခြားအဆင့်နှင့် စစ်သည် ၄၀၀ကျော်၊ မိသားစုဝင်များ စုစုပေါင်း တပ်ဖွဲ့ဝင်နှင်ွ မိသားစုဝင် ၆၁၇ဦး မှာ KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ၏ထိုးစစ်ဆင်မှု​ကြောင့် ဧပြီ ၅ ရက်တွင် လက်နက်ချခဲ့ ကြခြင်းဖြစ်သည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲများမှ လက်နက်ခဲယမ်း​အများအပြားလည်းသိမ်းဆည်းရရှိခဲ့​ကြောင်း KNU ကထုတ်ပြန်ထားသည်။

မြ၀တီမြို့၌ ကျန်နေသည့် ခလရ(၂၇၅) တပ်ရင်းကိုလည်း ဧပြီ ၁၁ရက်မနက်တွင် သိမ်းပိုက်ခဲ့သည်။ ခလရ(၂၇၅)မှ စစ်ကောင်စီတပ်များသည် မြန်မာ-ထိုင်းနယ်စပ် အမှတ်(၂) ချစ်ကြည်ရေးတံတားအနီး တိမ်းရှောင်ထွက်ပြေးသွားရာ KNU ဦးဆောင်သည့် ပူးပေါင်းတပ်က ဧပြီ ၁၉ ရက်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက လေကြောင်း ပစ်ခတ်မှုများ စွာပြုလုပ်ခဲ့ရာ အရပ်သားထိခိုက်မှုနှင့် မြို့ရှိနေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။

တစ်ဖက်တွင်လည်း မြ၀တီသို့ လာသည် စစ်ကောင်စီ စစ်ကူတပ်ကိုလည်း KNU ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သံချပ်ကာယာဉ် အပါအဝင် စစ်သုံးယာဉ်များစွာ ထိခိုက်ပျက်စီးခဲ့ပြီး အရာရှိ အပါအဝင်သေဆုံးထိခိုက်ရာချီရှိခဲ့သည်။

စစ်ကောင်စီက မြ၀တီမြို့နှင့် အရပ်သားများကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်နေသည့် အခြေအနေတွင် KNUတပ်များ က စစ်ရေးဗျူဟာအရ ခလရ(၂၇၅)တပ်တွင် နေရာယူခြင်းမရှိသည့် အခြေအနေ၌ ယခင် စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် အကူအညီဖြင့် တံတား၌ တိမ်းရှောင်နေသည့် စစ်ကောင်စီတပ်များ ခလရ(၂၇၅) တပ်ရင်းကို ပြန်လည်နေရာယူခဲ့သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။

KNU အနေဖြင် ရဲဘော်များ အထိမနာစေရေး၊ လူထုများ ထိခိုက်မှု လျော့ပါးရေးကို အဓိက ထား စစ်ရေးဗျူဟာချမှတ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း KNU သတင်းရင်းမြစ်က အသိပေးထားသည်။

အခြားသတင်းတစ်ရပ်မှာကော့ကရိတ်မြို့တွင်လည်း နေ့စဥ်ပစ်ခတ်တိုက်ခိုက်မှုရှိနေပြီး စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည်ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက လူထုနွေဦးသို့ ပြောသည်။

သို့သော် အဆိုပါ စစ်ကြောင်း မြဝတီနှင့် သင်္ဃန်းညီနောင်သို့ မရောက်စေရေးအတွက် တော်လှန်ရေးရဲဘော်များက ခုခံတိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

” ပြည်သူတွေ မစိုးရိမ်ကြဖို့ ပြောချင်တယ်။ အင်အားမမျှလို့ ဆုတ်ခွာပေးရမယ်ဆိုလည်း အဲဒီစစ်ကြောင်းကို ဒီအတိုင်းထားမှာ မဟုတ်ဘူး။ အစွမ်းကုန်တိုက်ထုတ်သွားမှာလို့ အသိပေးချင်တယ်”ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် ဒေါနတောင်ခြေမြောက်ခြမ်း၌ပင် ရှိနေသေးပြီး တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆို့ထားသည်ဟု ၎င်းက ဆိုသည်။

(စစ်​ကောင်စီတပ်၏ ခမရ ၃၅၅ ၊၃၅၆ ၊၃၅၇ ၊သင်္ဃန်းညီနောင် ဗျူဟာမှ KNLA ဦး​ဆောင်​သော ပူး​ပေါင်းတပ်သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNU)


Comments

Leave a Reply

Your email address will not be published. Required fields are marked *