ဝမ္မသူး ဆေးရုံ ဗုံးကြဲခံရမှု သေဆုံးသူ ငါးဦးအထိရှိလာ

ချင်းပြည်နယ် မင်းတပ်မြို့နယ်က ၀မ္မသူးဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ငါးဦးထိရှိလာပြီး ထိခိုက်ဒဏ်ရာသူ အယောက် ၃၀ အထိရှိတယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။

ဒဏ်ရာရသူတွေထဲက တစ်ဦးဆုံးသွားတာကြောင့် အခုဆို သေဆုံးသူ ငါးဦးရှိသွားပြီလို့ ဝမ္မသူးဆေးရုံတာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

“ဝမ္မသူးဆေးရုံက တော်တော်လေး ပျက်စီးသွားတယ်၊ ဘာမှမရလိုက်ဘူး၊ အကုန်လုံးကို ပျက်စီးသွားတယ်၊ လူကကျ ငါးယောက်ပေါ့၊ ပထမက လေးယောက်ပေါ့၊ နောက်တစ်နေ့ကျ ထိခိုက်ဒဏ်ရာရတဲ့လူနာပဲ ထပ်ပြီး ဆုံးသွားတယ်၊ စုစုပေါင်း ငါးယောက်ရှင့်၊ ဒဏ်ရာရတဲ့သူလည်း အားလုံးပေါင်းရင် သုံးဆယ်ရှိတယ်၊ ဒီဟာက ကျန်းမာရေးစောင့်ရှောက်တဲ့နေရာ လူအသက်ပေါင်းများစွာကို ကယ်တဲ့နေရာ၊ ကုသပေးတဲ့နေရာကို သိသိကြီးနဲ့ လုပ်တယ်ဆိုတာ တကယ်လူမဆန်တဲ့ ရက်စက်လွန်းတဲ့လုပ်ရပ်လို့ မြင်ပါတယ်”

သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူအားလုံးဟာ အဲဒီဆေးရုံမှာ ဆေးကုသမှုခံယူနေသူတွေပဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မင်းတပ်မြို့နယ်နဲ့ မိုင်သုံးဆယ်ခန့်ဝေးတဲ့ ၀မ္မသူးရွာက ဆေးရုံကို စစ်ကောင်စီလေတပ်က ဧပြီလ ၂၅ ရက်နေ့ ညမှာ လေကြောင်းကနေ နှစ်ကြိမ်တိုင် ဗုံးကြဲခဲ့တာကြောင့် ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဧပြီ ၂၅ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး လေးလုံးအသုံးပြုခဲ့ပြီး ပထမဆုံးအကြိမ်မှာ လူနာတွေ ကုသနေတဲ့ ဆေးရုံအဆောင် ထိခိုက်ပျက်စီးခဲ့သလို ဒုတိယအကြိမ်တိုက်ခိုက်မှုမှာတော့ ဆေးပစ္စည်းနဲ့အခြားပစ္စည်းတွေ သိုလှောင်တဲ့ ဆေးရုံ၊ ကျန်းမာရေးဝန်ထမ်းအိမ်ရာတွေ မီးလောင်ပျက်စီးခဲ့ပါတယ်။

ဒီဆေးရုံဟာ မင်းတပ်မြို့နယ်တစ်ခုလုံးသာမက ချင်းပြည်တောင်ပိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ၊ ဒေသခံပြည်သူတွေ အားကိုးအားထားပြုရတဲ့ ဆေးရုံတစ်ခုဖြစ်ပြီး အာဏာသိမ်းပြီးချိန်ကနေစလို့ အသေးစား၊ အကြီးစား ခွဲစိတ်မှုတွေနဲ့ ဒေသခံ ပြည်သူတွေကို အခမဲ့နီးပါး ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ပြည်သူ့ဆေးရုံတစ်ခုဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်အတွင်း ဝမ္မသူးဆေးရုံကို ပစ်မှတ်ထားပြီး မင်းတပ်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ (၂၇၄) ကနေ ဟောင်ဝစ်ဇာနဲ့ အကြိမ်ပေါင်း (၂၀) နီးပါး၊ လက်နက်ကြီးအလုံးရေ (၆၀) ဝန်းကျင် ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စာရင်းအရ ပဋိပက္ခတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ မတ်လအထိ သေဆုံးသူ စုစုပေါင်း ၃၉၇ ဦးနဲ့ ဒဏ်ရာရသူက ၈၈၉ ဦးအထိ ရှိနေပါတယ်။

၂ဝ၂၄ ခုနှစ် ဧပြီ ၂၅ ရက်နေ့က ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ ဝမ္မသူးဆေးရုံ လေကြောင်းမှ တိုက်ခိုက်ခံရပြီးနောက် အပျက်အစီးများအား တွေ့ရစဉ်။ (Photo: Chin Defence Force – Mindat)


Comments

Leave a Reply

Your email address will not be published. Required fields are marked *