တရုတ်က စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ကို ယွမ်ငွေ ၅ သန်း ပေးအပ်ခြင်းသည် ကျားဖြန့်နှိမ်နင်းရန်အတွက်ဖြစ်

အာဏာသိမ်း စစ်ကောင်စီအဖွဲ့ဝင် ပြည်ထဲ‌ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို လုံခြုံရေးဆိုင်ရာ အမြင့်ဆုံးဆုတံဆိပ် ချီးမြှင့်ပေးအပ်၍ လက်အောက်ခံ မြန်မာ ရဲတပ်ဖွဲ့ကို တရုတ်အစိုးရက ယွမ်ငွေငါးသန်း အကူအညီပေးမှုသည် ကျားဖြန့်နှိမ်နင်းရေး အတွက်ဖြစ်ကြောင်း CDM အရာရှိနှင့် လေ့လာသူများက ဆိုသည်။

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီး Wang Xiao Hong ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ဧပြီ ၂၄ ရက်မှ ၂၉ ရက်အထိ ၆ ရက်တာ အလုပ်သဘောခရီးစဉ် ရောက်ရှိနေသည့် စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ကို ထိုကဲ့သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

တရုတ်အစိုးရအနေဖြင့် ၎င်းတို့၏ ပြည်တွင်းကို ခြိမ်းခြောက်နေသည့် ကျားဖြန့်ကိစ္စနှင့် ပတ်သက်ပြီး လက်တွဲ၍ရသော မည်သည့်အဖွဲ့နှင့်မဆို ပူးပေါင်းနေသည့် သဘောရှိကာ ပံ့ပိုးမှုများလည်း လုပ်နေကြောင်း စောင့်ကြည့်လေ့လာသူ များက ပြောကြားသည်။

“လက်ရှိစစ်ကောင်စီကလည်း သူတို့အနေနဲ့ ဒီကျားဖြန့်ကိစ္စတွေမှာ ပူးပေါင်းမယ်ဆိုပြီး ပူးပေါင်းမှုတွေ လုပ်ထား တာရှိတယ်။ ဆိုတော့ ဒီအတွက်ကြောင့်မို့လို့ သူတို့က (တရုတ်) ထောက်ပံ့ကူညီတဲ့ပုံစံတွေ လုပ်နေတာဖြစ်တယ်။ တခြား နိုင်ငံရေးအရ ကျောထောက် အောက်ခံ လုပ်ပေးမယ် ပုံစံမျိုးကတော့ တရုတ်မှာလည်းမရှိဘူး” ဟု CDM ဗိုလ်ကြီး ညီသုတက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် တဖြေးဖြေး အင်အားချိနဲ့လာပြီး ရှုံးနိမ့်လာသည်ကို တရုတ်အစိုးက နားလည်ထားသော်လည်း စစ်ကောင်စီ၏ အင်အားကျန်ရှိသည့် အနေအထားအရ ကျားဖြန့်ကိစ္စတွင် လုပ်၍ရနိုင်သေးသည်ဟု ယူဆသောကြောင့် ယခုလိုပံ့ပိုးမှုများ လုပ်နေခြင်းမျိုးဖြစ်ကြောင်း CDM ဗိုလ်ကြီးညီသုတ ဆိုသည်။

အဆိုပါခရီးစဉ်အတွင်း တရုတ်နိုင်ငံမှ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့အတွက် ယွမ်ငွေ ငါးသန်းတန်ဖိုးရှိ အကူအညီပေးအပ်ရေး စာလွှာကို နှစ်နိုင်ငံဝန်ကြီးများက လက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့နောက် နိုင်ငံရပ်ခြားမှ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အရာရှိကြီး များအတွက် တရုတ် ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာနက ချီးမြှင့်ပေးအပ်သော အမြင့် ဆုံးဆုတံဆိပ် Golden Great Wall Commemorative Medal ကိုလည်း စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အား ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် တရုတ်နှင့်မြန်မာ နှစ်နိုင်ငံကြား တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်၊ လောင်းကစား၊ မူးယစ်မှောင်ခိုမှုနှင့် နယ်စပ် ဖြတ်ကျော် ရာဇဝတ်မှုများ နှိမ်နင်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နိုင်ငံတကာ မျက်နှာစာတွင် နှစ်နိုင်ငံအပြန်အလှန် ရပ်တည်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီနှင့် တရုတ်ဆက်ဆံရေးသည် အာဏာသိမ်းပြီးကတည်းက အမြဲမပြတ်သော ဆက်ဆံရေးရှိနေပြီး ရှမ်းမြောက် စစ်ဆင်ရေးကာလနှင့် ယင်းမတိုင်ခင် တွေ့ဆုံမှုများ၊ အပြန်အလှန်အကူအညီ အပေးအယူရယူနေမှုများ တောက်လျှောက်ရှိခဲ့ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကပြော သည်။

“ဒီဟာက သူတို့အချင်းချင်း ဆက်ဆံရေး အဆင်ပြေနေတယ်၊ ပြီးတော့ အပြန် အလှန်ကူညီပေးဖို့ လိုအပ်တဲ့ လိုအပ် ချက်တွေလည်း ရှိတယ်။ နောက် နယ်နိမိတ်ဆိုင်ရာ၊ လုံခြုံရေးဆိုင်ရာ ကိစ္စတွေမှာလည်း သူတို့ ပူးပေါင်းဆောင် ရွက်ဖို့ သဘောတူညီထားတဲ့ ဟာတွေရှိတယ်ဆိုတော့ အဲဒီသဘောတူထားတဲ့ အချက်တွေ၊ သူတို့ ဆွေးနွေးထားတဲ့ အချက်တွေ အဲဒါတွေအရလို့ ပြောလို့ရမယ်” ဟု ဒေါက်တာစိုင်းကြည်ဇင်စိုးက ဆိုသည်။

ကရင်နယ်ခြားစောင့်တပ် (BGF) ဗိုလ်မှူးကြီးစောချစ်သူသည် ၎င်း၏ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းတွင် တရုတ်နိုင်ငံသားများပါဝင်နေသည့် ကျားဖြန်လုပ်ငန်းအပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု လုပ်ငန်းများ လုပ်ကိုင် နေပြီး တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ သန်း ၁၉၀ အထိ ရရှိနေကြောင်း ဧပြီ ၂၅ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

ဓာတ်ပုံ-စစ်ကောင်စီ


Comments

Leave a Reply

Your email address will not be published. Required fields are marked *