ဆင်ဘိုမြို့ ခလရ ၁၄၁ တပ်ရင်းစခန်းသိမ်းတိုက်ပွဲတွင် မိုးမောက် ၄၃၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးကို ဒဏ်ရာများဖြင့် အရှင်ဖမ်းဆီးရရှိ

ဆင်ဘိုမြို့ ခလရ ၁၄၁ တပ်ရင်းစခန်းသိမ်းတိုက်ပွဲတွင် မိုးမောက် ၄၃၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးကို ဒဏ်ရာများဖြင့် အရှင်ဖမ်းဆီးရရှိပြီး ခမရ ၄၃၈ တပ်ရင်းမှူးမှာ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ဗုံးမှားကျဲ၍ သေဆုံး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့ ခလရ ၁၄၁ တပ်ရင်းစခန်းသိမ်းတိုက်ပွဲတွင် မိုးမောက် ၄၃၇ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးကို ဒဏ်ရာများဖြင့် အရှင်ဖမ်းဆီးရရှိပြီး ခမရ ၄၃၈ တပ်ရင်းမှူး၊ ဒုတိယဗိုလ်မှူးကြီးမှာမူ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်းသေဆုံးသွားကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်ပြီး မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့ ရှိ ခလရ ၁၄၁တပ်ရင်းကို KIAက စတင်ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ကြောင်း၊ ယင်းနောက် KIA က ခလရ ၁၄၁ တပ်ရင်းကို တိုက်လိုက် နားလိုက်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဧပြီလနှောင်ပိုင်းတွင် စစ်ဆင်ရေးကို သေချာစွာ ဆောင်ရွက်ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မိုးမောက် ခမရ ၄၃၇ တပ်ရင်းမှူးကို ​ဆင်ဘိုတိုက်ပွဲမှာ ငါတို့ အရှင်ဖမ်းမိထားတယ်။ ဒီကောင်ဒဏ်ရာပြင်းထန်တယ်။ ခမရ ၄၃၈ တပ်ရင်းမှူးက ဆင်ဘိုတိုက်ပွဲမှာပဲ မနေ့က သူတို့လေယာဥ်နဲ့ ဗုံးမှားကျဲလို့ သေသွားပြီ။ အလောင်းရထားတယ်။ ခမရ ၄၃၈ တပ်ရင်းမှူးက မိုးမောက်မြို့နယ်၊ နွယ်လန်းကျေးရွာမှာရှိတဲ့ ခမရ ၄၃၈ တပ်စခန်းကို ငါတို့သိမ်းထားတုန်းက ဆင်ဘိုဘက်ကို ထွက်ပြေးလာတာ။ ဒီနှစ်ကောင် ဆင်ဘိုတိုက်ပွဲမှာ စစ်ဝင်တိုက်တာ။ အခု ဆင်ဘို ခလရ ၁၄၁ တပ်ရင်းမှူးပျောက်နေတယ်။ထွက်ပြေးသွားတာလား မသိဘူး” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

KIA က မတ်လ ၇ ရက်နေ့မှစတင်ပြီး ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေးဖြင့် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ခဲ့ရာ လက်ရှိအချိန်အထိ စစ်တပ်တပ်စခန်းပေါင်း ၇၀ ကျော်ကို သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top