လူ ၅ ဦး သေဆုံးခဲ့သည့် ဝမ္မသူးဆေးရုံကို စကစတပ်က လေကြောင်းမှ ထပ်မံတိုက်ခိုက်

ပထမအကြိမ် လေကြောင်းတိုက်ခိုက်ခံရမှုတွင် လူငါးဦးသေဆုံးခဲ့သည့် ချင်းပြည်နယ်၊ မင်းတပ် မြို့နယ်ရှိ ဝမ္မသူးဆေးရုံကို ယမန်နေ့ (ဧပြီလ ၂၈ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင်လည်း စစ်ကောင်စီတပ်က လေကြောင်းမှ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့သည်။

ယခုတိုက်ခိုက်မှုတွင် ယခင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ဝမ္မသူးဆေးရုံ ထပ်မံထိခိုက်ပျက်စီးခဲ့ပြီး ဆေးရုံးအနီးနားကျေးရွာရှိ လူနေအိမ်အချို့လည်း ထိမှန်ပျက်စီးခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ ဆလိုင်းယောမန်ကပြောသည်။

“နောက်ထပ်ဗုံးထပ်ကြဲသွားပြန်ပါတယ်၊ ထိခိုက်မှုကတော့ ဆေးရုံပါပဲ၊ ပြီး တော့ ဒေသခံနေအိမ်တွေပါ့” ဟု ဆလိုင်းယောမန်က ပြောသည်။

ဧပြီလ ၂၅ ရက်နေ့ညက ဖြစ်ပွားခဲ့သည့် ဝမ္မသူးတိုက်နယ်ဆေးရုံ ပထမအကြိမ် လေကြောင်းတိုက်ခိုက်ခံရမှုတွင် ဆေးရုံတက် ဆေးကုသမှု ခံယူနေသည့် လူနာ လေးဦးနှင့် လူနာစောင့်တဦး စုစုပေါင်း ငါးဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ဝန်းကျင်ခန့်ရှိခဲ့သည်။

ထို့ပြင် ဆေးရုံသုံး ကိရိယာများ အပါအဝင် အသုံးဆောင်ပစ္စည်းများလည်း ပျက်စီးခဲ့ရာ ဆုံးရှုံးမှု ကာလတန်ဖိုး ကျပ်သိန်း ၁၀,၀၀၀ ခန့် ရှိကြောင်း ပြည်သူ့ အုပ်ချုပ်အရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဝမ္မသူးဆေးရုံ ဗုံးကြဲခံရမှုနှင့် ပတ်သက်ပြီး လူသားစာနာထောက်ထားမှု အကူအညီများကို ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များကိုလည်း ပြင်းပြင်းထန်ထန်အရေးယူ တုန့်ပြန်သွားမည်ဖြစ်ကြောင်း ချင်းပြည် (Chinland) အစိုးရက ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ယနေ့အထိ စစ်ကောင်စီတပ်က ကျန်းမာရေး ကဏ္ဍအပေါ် တိုက်ခိုက်မှုပေါင်း ၁,၂၉၃ ကြိမ် ပြုလုပ်ခဲ့ပြီး ဆေးရုံ၊ ဆေးခန်း ၃၄၃ ခုကို ဖျက်ဆီးခဲ့ကာ ကျန်းမာရေးဝန်ထမ်း ၁၀၄ ဦးကို သတ်ဖြတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *