လှိုင်သာယာ မြို့မရဲစခန်းကို ဗုံးပစ်တိုက်ခိုက်မှု ရဲများဒဏ်ရာရ

မြို့နယ်အတွင်း အစစ်အဆေးကြမ်းနေ

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၅ ရပ်ကွက်၊ ၅ ထိပ်မှတ်တိုင်းအနီး၊ ညောင်တုန်းလမ်းမပေါ်ရှိ မြို့မရဲစခန်းကို ယမန်နေ့ည ၈ နာရီဝန်းကျင်က ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက်ကြားအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Dark Shadows အဖွဲ့က ထုတ်ပြန်သည်။

မြို့ပြလွတ်လပ်ရေး(Urban Freedom)စစ်ဆေးရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Dark Shadows က ယမန်နေ့ ဧပြီ ၂၈ ရက် ညပိုင်းတွင် ထုတ်ပြန်ပြောဆိုသည်။

ယင်းတိုက်ခိုက်မှုကြောင့် ရဲများဒဏ်ရာရရှိမှုများရှိပြီး ပေါက်ကွဲမှုအပြီးတွင် စစ်ကောင်စီတပ်သားများက လမ်းများပိတ်ဆို့စစ်ဆေးခဲ့ကြောင်း ယင်းရဲစခန်းအနီး နေထိုင်သူများထံမှ သိရသည်။

“ည ၈ နာရီလောက်ကဖြစ်တာ။ ပေါက်ကွဲသံကြားပြီး မကြာဘူး။ လူနာတင်ယာဉ်တွေ အဲဒီထဲ(ရဲစခန်း)ဝင်သွားတာ တွေ့လိုက်တယ်။ ရဲတွေ ဒဏ်ရာရသွားမယ်ထင်တယ်ဗျ။ ဘယ်နှစ်ယောက်လဲတော့ မသိဘူး။ အခုမနက်လည်း အဲဒီနားမှာ ပြောနေတာ။ လှိုင်သာယာဆေးရုံကို ပို့ထားရတယ်လို့ကြားမိတယ်” ဟု ရဲစခန်းအနီးနေထိုင်သူတစ်ဦးက ပြောသည်။

ထို့ပြင် ယခုရက်ပိုင်းများတွင် လှိုင်သာယာမြို့နယ်အတွင်းရှိ ကားမှတ်တိုင်နှင့် ဈေးများတွင် စစ်ကောင်စီတပ်သားများက ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ကြုံတွေ့ခဲ့သူများက ပြောသည်။

“ဟိုတစ်နေ့ကလည်း မီးခွက်ဈေးမှာ လမ်းပိတ်ပြီးကိုစစ်တာ။ အိတ်တွေစစ်တယ်။ လူငယ်တွေကို ပိုစစ်တယ်။ ဘယ်မှာနေတာလဲ။ ဘယ်သွားမှာလဲ။ အသက်ဘယ်လောက်လဲ။ အဲဒါတွေမေးတာ။ သွားရလာရတာ သူတို့မတိုးအောင် ဆုတောင်းနေရတယ်” ဟု အစစ်ဆေးခံခဲ့ရသူ လှိုင်သာယာမြို့ခံတစ်ဦးက ပြောသည်။

လှိုင်သာယာရဲစခန်းသည် ပြီးခဲ့သည့် သင်္ကြန်အတက်နေ့ ဧပြီ ၁၆ ရက်ကလည်း ဗုံးပစ်တိုက်ခိုက်ခံခဲ့ရပြီး ရဲများဒဏ်ရာရရှိမှုများရှိခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်ကလည်း လှိုင်သာယာအဝင် တံတားသုံးစင်းလုံးကို ပိတ်ဆို့ပြီး စစ်ကောင်စီတပ်သားများက စစ်ဆေးမှုများပြုလုပ်ခဲ့သေးသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *