ရန်ကုန်၌ လျှပ်စစ်မီး နာရီပိုင်းသာရ၊ အထက်အမိန့်အတိုင်း မီးပေးနေရခြင်းဟုဆို

ရန်ကုန်တိုင်း၊ ရန်ကုန်မြို့တွင်းအပါအဝင် မြို့နယ်အားလုံး၌ နေ့စဉ် လျှပ်စစ်မီး နာရီပိုင်းသာရတော့ပြီး ယင်းသို့ဖြစ်ရ ခြင်းမှာ အထက်က ညွှန်ကြားထား၍ဟု လျှပ်စစ်ဝန်ထမ်းများက ပြောသည်။

သင်္ကြန်ကာလပြီးချိန်မှစတင်ကာ ရန်ကုန်မြို့၌ လျှပ်စစ်မီး ပိုမိုပျက်တောက်လာခြင်းဖြစ်ပြီး ယခင်ကာလတွင် တစ်ရက် ၁၅နာရီခန့် ရရှိရာမှ ယခုအခါ တစ်ရက် ရှစ်နာရီခန့်သာ မီးရရှိတော့ကြောင်း သိရသည်။

ထိုကဲ့သို့ မီးပျက်ရာတွင် အခြားမြို့နယ်များထက် မီးရချိန်ပိုများသည် မြို့တွင်း ခြောက်မြို့နယ်ဖြစ်သည့် ပုဇွန်တောင်၊ ဗိုလ်တစ်ထောင်၊ ကျောက်တံတား၊ ပန်းပဲတန်း၊ လသာနှင့် လမ်းမတော်မြို့နယ်တို့တွင်လည်း မီးပျက်ချိန် ပိုမိုဆိုးရွား လာကြောင်း ဒေသခံများထံမှ သိရသည်။

“အရင်က ညနေ ငါးနာရီနောက်ပိုင်းမပျက်ဘူး။ အခုပျက်တယ်။ မနက်ပိုင်းလည်း ပျက်တယ်” ဟု လမ်းမတော်မြို့နယ်၌ နေထိုင်သူ တစ်ဦးကပြောသည်။

ထို့ပြင် လျှပ်စစ်မီး အချိန်နည်းပါးစွာရရှိသည့် တောင်ဒဂုံ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာကဲ့သို့ ဆင်ခြေဖုံး မြို့နယ်များတွင်မှု လျှပ်စစ်မီးရရှိမှုသည် အချိန် ခြောက်နာရီခန့်ပင် မရှိကြောင်း သိရသည်။

“လာရမဲ့အချိန်ဆို ခဏလောက် လာပေးတယ်။ ပြီးရင် အကြာကြီး ပြန်ပျက်တယ်။ ညတွေဆိုပိုဆိုးတယ်။ မနက်လင်းခါနီး ခဏလောက်ပေးပြီးရင် ပျက်ကော” ဟု တောင်ဒဂုံမြို့နယ်နေ ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ အချိန်ကြာမြင့်စွာ လျှပ်စစ်မီး ဖြတ်ထားရသည့် အကြောင်းအား YESC မှ ၀န်ထမ်းများသို့ မေးမြန်းရာတွင် အထက်က အမိန့် ညွှန်ကြားချက်အတိုင်း ပေးနေရသည်ဟု ပြောသည်။

“ကျတော်တို့ မဖြတ်ချင်ပါဘူး။ ဒါပေမဲ့ အထက်က ဒီအချိန်ပေး ဒီအချိန်ဖြတ်လို့ စာရွက်နဲ့ ပို့ထားလို့ပါ၊ ဖုန်းဆက်ပြောတာတွေလည်း ရှိပါတယ်”ဟု YESC ဝန်ထမ်းတစ်ဦးက ပြောသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့၌ မိုးရာသီကာလပင် လျှပ်စစ်မီးပုံမှန်ရရှိခြင်း မရှိတော့ဘဲ နွေရာသီကာ၌ ဆိုးဆိုးရွားရွား လျှပ်စစ်မီး ပြတ်တောက်မှုကို ကြုံတွေ့နေရခြင်းဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *