အပူချိန်ဆက်လက်မြင့်တက်နေပြီး ဒေသအချို့တွင်အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာသွန်းမည်

ရာသီဥတုအကူးအပြောင်းကာလဖြစ်သည့် မိုးကြိုကာလမေလမှ မုတ်သုံမဝင်ရောက်မီအချိန် အပူချိန်ဆက်လက်မြင့် တက်နေပြီး နေ့လယ်ပိုင်းနှင့် ညနေပိုင်းတွင် မိုးတိမ်တောင်ငယ်များစတင်ဖြစ်ပွားကာ အချိန်အခါမဟုတ်မိုးထစ်ချုန်းရွာနိုင်ခြေရှိနိုင်ကြောင်း မေ ၁ ရက်နေ့တွင် စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာနက သတင်ထုတ်ပြန်သည်။

မြန်မာနိုင်ငံသို့မုတ်သုံလေမဝင်ရောက်မီကာလအတွင်း လေထုမငြိမ်မသက်မှုဖြစ်ပေါ်ခြင်း၊ နေ့အပူချိန် မြင့်တက်ချိန်တွင် အပူပျံတက်တိမ်များ ကြောင့် ညနေပိုင်းတွင် မိုးတိမ်တောင်များဖြစ်ထွန်းခြင်းအပါအဝင် လေပြင်းများတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေကျခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း ထုတ်ပြန်သည်။

ယခုတစ်ပတ်တွင် အနောက်ဘက်မှလာသော လေပွေလှိုင်းအရှိန်ကြောင့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တို့မှ မြန်မာနိုင်ငံအလယ်ပိုင်းသို့သက်ရောက်စေနိုင်ပြီး နိုင်ငံတစ်ဝန်းတွင် အချိန်မခါမဟုတ် မိုးထစ်ချုန်းရွာနိုင်သဖြင့် အပူဒဏ်သက်သာမည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကလည်း သတင်းထုတ်ပြန်သည်။

လက်ရှိချိန်ထိအပူချိန်များဆက်လက်မြင့် တက်နေကာ ယနေ့ မေ ၁ ရက်နေ့တွင် ရန်ကုန်မြို့တွင် အပူချိန် ၄၀ ဒီကရီစင်တီဂရိတ်၊ မန္တလေးနှင့် မကွေးမြို့တွင် အပူချိန် ၄၃ ဒီဂရီစင်တီဂရိတ်၊ ပဲခူးမြို့တွင် အပူချိန် ၄၁ ဒီဂရီစင်တီဂရိတ်နှင့် မုံရွာမြို့ တွင် ၄၂ ဒီဂရီစင်တီဂရိတ်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသ ချောက်မြို့တွင် မိုးလေဝသစခန်းဖွင့်လှစ်ပြီး ၅၆ နှစ်ကျော် ဧပြီ ၂၉ ရက်နေ့တွင် အမြင့်ဆုံးအပူချိန်အဖြစ် ၄၈ ဒီဂရီစင်တီဂရိတ်အထိပူခဲ့ပြီး နှစ်ရက်အကြာတွင် အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ် ပြန်လည်လျော့ကျခဲ့သည်။

ဧပြီလ၏ အပျမ်းမျှအပူချိန်ထက် စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် အပူချိန် ၅ ဒီဂရီဆဲလ်စီးယပ်မှ ၆ ဒီဂရီဆဲလ်စီးယပ်အထိမြင့်တက်ခဲ့သည်။

ထို့ပြင် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ်(အရှေ့ပိုင်း)တို့တွင် ပျမ်းမျှအပူချိန်တို့ထက် ၃ ဒီဂရီဆဲလ်စီးယပ်မှ ၄ ဒီဂရီဆဲလ်စီးယပ်အထိ အပူချိန်မြင့်တက်ကြောင်းသိရသည်။

ယင်းပြင် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီဆဲလ်စီးယပ်ပိုခဲ့သည်။

ပြီးခဲ့သော ၂၄ နာရီအတွင်း ချင်းပြည်တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့်ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် မန္တလေးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *