တောင်ကုတ်ရှိ ဘဏ်များတွင် ငွေမရှိဟုဆိုကာ Non-CDM ပညာရေးဝန်ထမ်းများကို စစ်ကောင်စီလစာမပေး

စစ်ကောင်စီတပ်ဖွဲ့ဝင်များ လစာအပြည့်ရ

ရခိုင်ပြည်၊ တောင်ကုတ်မြို့ရှိ Non-CDM ပညာရေးဝန်ထမ်းများကို ပြီးခဲ့သည့် ယခုဧပြီလအတွက် လုပ်ခလစာများ စစ်ကောင်စီဘက်က ထုတ်မပေးသေးကြောင်း ယင်းဒေသခံများထံမှစုံစမ်းသိရှိရသည်။

စစ်ကောင်စီမှ ဘဏ်များတွင် ပိုက်ဆံမရှိဟု အကြောင်းပြကာ Non-CDM ဝန်ထမ်းများကို လစာမပေးခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ယခင်ကမဖြစ်ဖူးဘဲ ဧပြီလမှစတင်ကြုံတွေ့ရခြင်းဖြစ်ကြောင်း တောင်ကုတ်ဒေသခံတစ်ဦးက ဆိုသည်။

ယမန်နေ့ ဧပြီ ၃၀ ရက်နေ့က လုပ်ခလစာမပေးဘဲ ပညာရေးဝန်ထမ်းများကို တစ်ဦးလျှင် ဆီတစ်ပိဿာ၊ ကြက်သွန်နီ တစ်ပိဿာ၊ ကြက်သွန်ဖြူ ၅၀ ကျပ်သား၊ Mamee ခေါက်ဆွဲခြောက်ထုပ် ဆယ်ထုပ်နှင့် ဆပ်ပြာမှုန့် တစ်ထုပ်စီသာပေးကြောင်း ၎င်းက ပြောသည်။

လစာတော့ မရသေးဘူး။ ဘဏ်မှာ ပိုက်ဆံမရှိလို့တဲ့။ အရင်တုန်းကတော့ အဲဒီလိုမဖြစ်ဖူးဘူး။ ခုမှ ဖြစ်တာပါ ဟု Non-CDM ဝန်ထမ်းများနှင့်နီးစပ်သူ အသက် ၃၅ နှစ်အရွယ် တောင်ကုတ်ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

၎င်းတို့သည် ရိက္ခာခြောက်များဖြင့် ချွေးသိပ်ခံရသော်လည်း ယင်းရိက္ခာခြောက်များအတွက် ကုန်ကျစရိတ်ကို ၎င်းတို့၏ လစာများထဲမှ ပြန်လည်နှုတ်ယူမည်ဟုသိရကြောင်း အသက် ၃၀ အရွယ် တောင်ကုတ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ တောင်ကုတ်မြို့တွင်းရှိ စစ်ကောင်စီလက်အောက်ခံ ပညာရေးပိုင်းမှ ဝန်ထမ်းအများစုမှာ အာဏာသိမ်းပြီးချိန်မှစတင်ကာ နီးစပ်ရာ ဌာနဆိုင်ရာများဖြင့် သင့်မြတ်အောင်ပေါင်း၍ အချိုအချောင်လမ်းကြောင်းများမှ ဝင်ရောက်လာသူများဖြစ်သည်ဟု တောင်ကုတ်ဒေသခံများက ဝေဖန်သည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top