မြ၀တီမြို့သိမ်းတိုက်ပွဲတွင် BGF ခေါင်းဆောင် စောချစ်သူက စစ်ကောင်စီနှင့် KNU နှစ်ဖက်စလုံးကို ကစားခဲ့ကာ အကျိုး အမြတ်ထုတ်

ရွှေက္ကိုလ်အပါအဝင် တစ်ကမ္ဘာလုံးရှိ ကျားဖြန့်လုပ်ငန်းများက တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃ ထရီလီယံ အထိ အကျိုးအမြတ်ရှိ

ကရင်ပြည်နယ်၊ မြ၀တီမြို့သိမ်းတိုက်ပွဲတွင် အမှန်တကယ် အနိုင်ရ အကျိုး အမြတ်ဖြစ်ထွန်းခဲ့သူမှာ စစ်တပ် လက်အောက်ခံ နယ်ခြားစောင့် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ ဖြစ်ပြီး ကရင်ပြည်နယ်၏ တရားဥပဒေစိုးမိုးမှု၊ ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရားနှင့် လူ့အခွင့်အရေးများကို ကင်ဆာရောဂါကဲ့သို့ BGF က ဖျက်ဆီးလိမ့်မည်ဟု နိုင်ငံတကာကျွမ်းကျင်ပညာရှင်တချို့က AlJazeera သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဧပြီလအတွင်း ဖြစ်ပွားခဲ့သော မြ၀တီမြို့သိမ်းတိုက်ပွဲအခြေအနေများတွင် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ စစ်တပ်နှင့် KNU နှစ်ဖက်စလုံးကို ၎င်း၏ အကျိုးအမြတ်အတွက် ဦးတည်ကစားခဲ့ကြောင်း၊ အမှန်တကယ် အကျိုးအမြတ်ထွက်ခဲ့သူမှာ BGF ခေါင်းဆောင် စောချစ်သူဖြစ်ကြောင်း အမေရိကန်အခြေစိုက် USIP (United States Institute of Peace) မှ ဒါရိုက်တာ Jason Tower က ပြောဆိုသည်။

“အခုဆိုရင် သိသာထင်ရှားလာတာက BGF က နှစ်ဖက်စလုံးကို ကစားသွားပြီးတော့ နောက်ဆုံးမှာ စစ်တပ်ကို ၂၇၅ တပ်မှာ အလံတင်နိုင်အောင် နဲ့ စစ်အာဏာရှင်ကို ကူညီခဲ့တာဖြစ်တယ်။ တကယ်တမ်း အနိုင်ရသွားတဲ့သူက BGF ပါပဲ။ ဒီလို အနိုင်ရသွားတဲ့အတွက်ကြောင့်လည်း တရားမဝင် ရာဇဝတ်ဂိုဏ်းတွေအတွက် BGF ရဲ့ ထိန်းချုပ်နယ်မြေတွေက ပိုပြီးတော့ ကျယ်ပြန့်လာမှာဖြစ်ပါတယ်” ဟု USIPမှ ဒါရိုက်တာ Jason Tower က ဆိုသည်။

လက်ရှိတွင် တရုတ်အွန်လိုင်းငွေလိမ်လည်သည့် ကျားဖြန့်ဂိုဏ်းများ အပါအဝင် ရာဇဝတ်ဂိုဏ်းများကို အကာအကွယ်ပေးမှုမှ BGF အနေဖြင့် အကျိုးအမြတ်ရရရှိမည်ဖြစ်ကြောင်း၊ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျားဖြန့်လုပ်ငန်းများက တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃ ထရီလီယံ အထိ အကျိုးအမြတ်များ ရှိကြောင်း USIP ကဆိုသည်။

မြန်မာ့အရေးလေ့လာသူ Kim Jollifeကမူ လက်ရှိတွင် မြ၀တီသည် BGF လက်ထဲတွင်သာရှိနေပြီး မြန်မာစစ်တပ်အနေဖြင့် မြ၀တီကို လုံး၀ ထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း၊ အမှန်တကယ် လက်တွေ့ ဘာတွေဖြစ်ခဲသလဲဆိုသည်ကို အတိအကျ မသိရှိရကြောင်း၊ စောချစ်သူက နှစ်ဖက်စလုံးကို ကစားခြင်းမှ အကျိုးအမြတ် ထုတ်သွားခြင်း ဖြစ်နိုင်သကဲ့သို့ BGF အတွင်းတွင်လည်း စစ်တပ် ထောက်ခံသူနှင့် KNU ထံသို့ ပူးပေါင်းလိုသူ ကွဲပြားနေမှုများလည်း ရှိနိုင်ကြောင်း၊ စောချစ်သူ မည်သည့် ဘက်ကို လိုက်မလဲဆိုသည်မှာလည်း မကွဲပြားသေးကြောင်း သုံးသပ်သည်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ၏ ဘန်ကောက်အခြေစိုက် အာရှရေးရာ လက်ထောက်ဒါရိုက်တာ Phil Robertsonကမူ စောချစ်သူသည် ကရင်ပြည်နယ်ကို ကင်ဆာရောဂါကဲ့သို့ ဖျက်ဆီးမှုကို တစ်နည်းမဟုတ် တစ်နည်းဖြင့် ကိုယ်တွယ်ရလိမ့်မည်ဟု သုံးသပ်သည်။

“တရုတ်ရာဇဝတ်ကောင်တွေရဲ့ ဆန္ဒကို အကောင်အထည်ဖော် လည်ပတ်နေတဲ့ ရွှေက္ကိုလ်ဟာ ကျားဖြန့် လိမ်လည်မှု၊ လူကုန်ကူးမှု၊ လောင်းကစားနဲ့ ပြည့်တန်ဆာလုပ်ငန်းတွေရဲ့ ဒုစရိုက်မြို့တော်အဖြစ် စောချစ်သူရဲ့ နယ်ခြားစောင့်တပ်တွေက အဓိက ကာကွယ်မှာပဲ။ စောချစ်သူက ကရင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးရေး၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးနဲ့ လူ့အခွင့်အရေးတွေကို ဆုံးရှုံးစေမယ့် ကင်ဆာရောဂါဖြစ်ပြီး နောက်ဆုံးမှာတော့ တစ်နည်းမဟုတ်တစ်နည်း ကိုင်တွယ်ဖြေရှင်းဖို့ လိုပါလိမ့်မယ်” ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ၏ ဘန်ကောက်အခြေစိုက် အာရှရေးရာ လက်ထောက်ဒါရိုက်တာ Phil Robertson ကပြောဆိုသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top