လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာ၍ မန္တလေးမဟာမုနိဘုရားကြီးနှင့် စစ်ကိုင်းကောင်းမှုတော်ဘုရား ဆိုလာလျှပ်စစ်ဖြင့် မီးပူဇော်နေရ

အာဏာသိမ်းစစ်ကောင်စီလက်ထက် လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာ၍ မန္တလေးမြို့မဟာမုနိဘုရားကြီးနှင့် စစ်ကိုင်းကောင်းမှုတော်ဘုရားတို့တွင် ဆိုလာလျှပ်စစ်ဓါတ်အားပေးစနစ်များ တပ်ဆင်ကာ မီးပူဇော်နေရကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ မဟာမုနိဘုရားကြီးတွင် ကျပ်သိန်း ၃၀၀ ခန့်ကုန်ကျမည့် ဆိုလာလျှပ်စစ်ဓာတ်အားပေးစနစ်ဖြင့် မီးပူဇော်ရန် အလှူရှင်တစ်ဦးက လှူဒါန်းထားကြောင်း ဂေါပကဖအဖွဲ့က မေလ ၂ ရက်က အသိပေးသည်။

အလားတူ စစ်ကိုင်းမြို့ရှိ ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားတွင်လည်း လျှပ်စစ်မီးများ ပြတ်တောက်နေ၍ ဧပြီ ၆ ရက်က ဆိုလာလျှပ်စစ် ဓာတ်အားပေးစနစ်ကို စတင်တပ်ဆင်အသုံးပြုနေကြောင်း ဂေါပကဖအဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

“ကျွန်တော်တို့ဘုရားတော့ ဆိုလာမတပ်နိုင်သေးဘူး။ မီးကကောင်းကောင်းမလာတာကို မီတာခက ရှစ်သိန်းကျော်ကျတယ်။ မီတာခအတွက်နဲ့တင်တော်တော်ကုန်တယ်။”ဟု မန္တလေးမြို့ရှိ ဘုရားတဆူမှ ဂေါပကဖအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကောင်းမှုတော်ဘုရား ဆိုလာစနစ်တပ်ဆင်ရန် စစ်ကောင်စီက ကျပ်သိန်းတစ်ထောင်၊ အလှူရှင်များက သိန်း(၁,၀၇၀) စုစုပေါင်း ကျပ် သိန်း(၂,၀၇၀) ဖြင့် ဝပ်အား (၅၆,၁၆၀) ထုတ်လုပ်နိုင်သည့် ဆိုလာအချပ်(၉၆) ချပ်ကို ဘုရားကြီးအရှေ့တောင်ထောင့်တွင် တပ်ဆင်ထားကြောင်း သိရသည်။

ထို့အပြင် မန္တလေးမြို့တွင် လက်ရှိမီးပေးစနစ်အရ အချိန် ၄ နာရီလာ ၈ နာရီပြတ်စနစ်ဖြစ်သော်လည်း လာချိန်မမှန်ခြင်း၊ လာလျှင်လည်း အကြိမ်ပေါင်းများစွာ ပြတ်တောက်ခြင်းများ ဖြစ်ပေါ်နေသည်ဟု မြို့ခံများက ပြောသည်။

(ကောင်းမှုတော်ဘုရား ဆိုလာလျှပ်စစ်တပ်ဆင်ထားစဥ်။ ဓာတ်ပုံ – CJ)

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top