NLD ပါတီ နာယကကြီး သူရဦးတင်ဦးကို ဂူသွင်းသင်္ဂြိုဟ်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယကကြီး သူရဦးတင်ဦးကို ဇွန် လ ၅ ရက်တွင် ရေဝေးသုဿာန်၌ ဂူသွင်းသင်္ဂြိုဟ်မည်ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူကအတည်ပြုသည်။

“ငါးရက် ထားမယ်ပေါ့နော်။ ပြီးရင် ဂူသွင်းသင်္ဂြိုဟ်မယ်။ အချိန်ကတော့ အတိအကျမသိသေးဘူး။ ကနဦး သိတာက ညနေ ၃ နာရီ ကနေ ၅ နာရီကြားလို့သိရတယ် ”ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။

လက်ရှိတွင် NLD ပါတီ နာယကကြီး သူရဦးတင်ဦး၏ ရုပ်အလောင်းကို အမှတ်(၃၀)၊ ဗောဓိရိပ်သာလမ်း ဗဟန်းမြို့နယ် နေအိမ်တွင် ထားရှိထားသည်။

“ဘဘဦးဝင်းတင်ဂူနဲ့ငါးဂူကျော်မှာ ဘဘဦးတင်ဦး ဂူ ထားပါမယ် “ ဟုလည်း နီးစပ်သူတစ်ဦးကဆိုသည်။

သူရဦးတင်ဦးသည် သေဆုံးချိန်တွင် အသက် (၉၈) နှစ်ရှိပြီဖြစ်ကာ နှလုံးရောဂါ ဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် မေ ၂၉ ရက်နေ့တွင် သူရဦးတင်ဦး ကျန်းမာရေးအနည်းငယ်ချို့ယွင်းလာ၍ ရန်ကုန်ပြည်သူ့ ‌ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရသည်။

၎င်းသည် ၂၀၁၇ ခုနှစ်တွင် နေအိမ် ရေချိုးခန်း၌ ချော်လဲသည့်ဒဏ်ကြောင့် ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုများကို ခံယူခဲ့ရသေးသည်။

စစ်ဗိုလ်ချုပ်ကြီးဟောင်းတဦးလည်းဖြစ်သည့် ဦးတင်ဦးသည် ၁၉၇၄ ခုနှစ်မှ ၁၉၇၆ ခုနှစ်ထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ယူခဲ့ပြီး ဇေယျကျော်ထင်နှင့် သူရဘွဲ့ရရှိထားသူလည်း ဖြစ်သည်။

သူရဦးတင်ဦးသည် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၄ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အခြားဦးဆောင်သူများနှင့် NLD ပါတီကို စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၈၈ ဒီဇင်ဘာလ ၃ ရက်မှ ၁၉၈၉ ခု ဒီဇင်ဘာလ ၂၂ ရက်အထိ ပါတီ ဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။

ပုံအညွှန်း – ဇွန် ၁ ရက်နေ့က NLD ပါတီ နာယကကြီး သူရဦးတင်ဦး၏ ရုပ်အလာင်းအား နေအိမ်တွင် တွေ့ရစဉ်

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top