အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်လေးတွေ ထိန်းသိမ်းရေးကျောင်းတွေမှာ လိင်ပိုင်းဆိုင်ရာ ချိုးဖောက်ခံနေရ

လူငယ်ထိန်းသိမ်းရေး‌ကျောင်းအမည်ခံထားတဲ့ လူငယ်အကျဥ်းထောင်တွေမှာ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်လေးတွေဟာ နိုင်ငံရေးပုဒ်မတွေနဲ့ မတရားဖမ်းဆီးခံထားရပြီး လိင်ပိုင်းဆိုင်ရာချိုးဖောက်မှုတွေ ခံနေရတယ် လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် – PPNM ရဲ့ မေလ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဗဟန်းအမျိုးသမီးထိန်းသိမ်းရေးကျောင်း (ရန်ကုန်)၊ ကော့မှူးအမျိုးသမီးထိန်းသိမ်းရေးစခန်းနဲ့ ပုသိမ်ကြီး အမျိုး သမီးသင်တန်းကျောင်း (မန္တလေး) တွေမှာ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးငယ်လေးတွေဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နဲ့ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်ခံရမှုအပြင် အရှက်ရစေမှုတွေပါ ကြုံနေရတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဗဟန်းအမျိုးသမီးထိန်းသိမ်းရေးကျောင်းရဲ့ အကျဥ်းသူတွေနေတဲ့ အခန်း၊ ရေချိုးခန်းနဲ့ အိမ်သာတွေမှာ CCTV တွေတပ်ဆင်ထားကာ တချို့အကျဥ်းသူတွေကို အဝတ်တွေအကုန်ချွတ်ခိုင်းပြီး အပြစ်ပေးတဲ့အထိ လိင်ပိုင်းဆိုင်ရာအခွင့်အရေး ချိုးဖောက်မှုတွေပြုနေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

PPNM ရဲ့ ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုသိုက်ထွန်းဦးက “လတ်တလောမှာဆိုရင်တော့ ကိုယ်ထိ လက်ရောက်ဆိုရင် အကျဥ်းထောင်ရဲ့ ကျောင်းဆရာမ၊ ပြီးတော့ ကျောင်းအုပ်တွေရဲ့ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေဟာ စာရွက်ပေါ်မှာရှိတာမျိုး မဟုတ်ပဲနဲ့ ပါးစပ်ကထုတ်တဲ့ စည်းကမ်းချက်တွေ ရှိတတ်တယ်ပေါ့၊ ဒီလိုမျိုးစည်းကမ်းချက်တွေ ချိုးဖောက်တယ် ဆိုရင်တော့ ဝါးခြမ်းပြားနဲ့ ရိုက်တာမျိုး၊ အပြစ်ပေးအရေးယူမှုတွေ ရှိတယ်ပေါ့နော်” လို့ ပြောပါတယ်။

ဒါ့အပြင် ကျောင်းတွင်းလုပ်ငန်းလို့ အကြောင်းပြပြီး ထင်းခွဲခိုင်းတာ၊ မြက်ပေါက်ခိုင်းတာတွေလည်း စေခိုင်း နေတဲ့အပြင် အပေါ့၊ အလေး သွားလာခွင့်ကိုလည်း သတ်မှတ်ချိန်အတွင်းမှာသာ ခွင့်ပြုထားတယ်လို့ PPNM ဆိုပါတယ်။

အလားတူ ကော့မှူးအမျိုးသမီးထိန်းသိမ်းရေးစခန်းမှာလည်း ရေချိုးချိန်၊ အိမ်သာသွားချိန်၊ အဝတ်အစားလဲချိန်တွေမှာ အကျဥ်းထောင်ဝန်ထမ်းတွေရဲ့ အမျိုးသား သူငယ်ချင်းနဲ့ အမျိုးသားမိသားစုဝင်တွေ ဝင်ရောက်နေမှုကြောင့် စိတ်မလုံခြုံမှုတွေ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

“ပြည်နယ်တချို့က အမျိုးသမီးငယ်လေးတွေ ဥပမာ – မန္တလေးမှာဆိုလို့ရှိရင် ပုသိမ်ကြီး လူငယ်ထိန်းသိမ်းရေးကျောင်းမှာ ကရင်နီဒေသနဲ့ ချင်းပြည်နယ်က အမျိုးသမီးငယ်လေးတွေပါ ရောက်နေတယ်၊ သူတို့မိဘတွေဆိုရင် စစ်ဘေးရှောင်ရတာ ဖြစ်တဲ့အတွက် သူတို့သားသမီးတွေကိုပို့ဖို့အတွက် လုံးဝမဖြစ်နိုင်တဲ့ ကိစ္စရပ်တွေဖြစ်တယ်ပေါ့၊ ဒီလိုအခြေအနေမျိုးမှာဆိုရင်တော့ အဓိက အမျိုးသမီးလစဥ်သုံး မလုံလောက်တာမျိုး အဓိကရင်ဆိုင်နေရတာမျိုး ဖြစ်ပါတယ်” လို့ ကိုသိုက်ထွန်းဦးက ဆက်ပြောပါတယ်။

ထိန်းသိမ်းရေးကျောင်းအားလုံးမှာ အမျိုးသမီးငယ်လေးတွေဟာ စားသောက်ရတဲ့ ဗီတာမင်ဓာတ်ပြည့်ဝမှု မရှိတဲ့ အတွက် ကိုယ်ခံအားလျော့နည်းမှုတွေ ရင်ဆိုင်နေရတာ၊ အများနဲ့နေရတာဖြစ်တဲ့အတွက်ကြောင့် ပွေး၊ ဝဲ၊ ယားနာ ရောဂါတွေ အများဆုံးဖြစ်နေကြပြီး ကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်တာတွေပါ ကြုံတွေ့နေရပါတယ်။

လက်ရှိမှာ နိုင်ကျဥ်းအမျိုးသမီးငယ်‌တွေအပါအဝင် တခြားအမျိုးသမီးငယ်တွေ ထိန်းသိမ်းခံထားရမှုက ပုသိမ်ကြီးအမျိုးသမီး သင်တန်းကျောင်းမှာ အယောက် ၅၀ ကျော်၊ ဗဟန်းအမျိုးသမီးထိန်းသိမ်းရေးကျောင်းနဲ့ ကော့မှူးအမျိုးသမီးထိန်းသိမ်းရေးစခန်းမှာ အယောက် ၁၀၀ ကျော်နဲ့ ၂၀၀ ကျော် နီးပါးရှိတယ်လို့ စုံစမ်းသိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *