စစ်ကောင်စီက ထိုင်းအိမ်ခြံမြေရောင်းဝယ်ရေးလုပ်နေသူ မြန်မာများကို ဖမ်းနေ

ရိုးမဘဏ်သူဌေး ဦးသိမ်းဝေ ဖမ်းခံရဟုဆို

နိုင်ငံခြားအရန်ငွေ ခန်းခြောက်လာနေ၍ ပြည်ပသို့ ဒေါ်လာစီးထွက်မှုကို နည်းလမ်းပေါင်းစုံဖြင့် ကန့်သတ်ထိန်းချုပ်နေသော စစ်ကောင်စီသည် ထိုင်းနိုင်ငံတွင် အိမ်ခြံမြေဝယ်ယူသူများနှင့် အကျိုးဆောင်လုပ်သူများကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီက နိုင်ငံပိုင် ရုပ်သံသတင်းဌာနများမှတစ်ဆင့် ယမန်နေ့ညက ကြေညာခဲ့သည်။

ရန်ကုန်မြို့ ၅၁ လမ်းတွင် ရုံးဖွင့်ထားသည့် အိမ်ခြံမြေရောင်းဝယ်ရေးကုမ္ပဏီတစ်ခုဖြစ်သော မင်းသူ ကုမ္ပဏီသည် ထိုင်းနိုင်ငံမှ အဆင့်မြင့်တိုက်ခန်းကွန်ဒိုများကို မြန်မာများအတွက် ရောင်းချခြင်းနှင့် အရောင်းပြပွဲများပြုလုပ်ခဲ့ကြောင်း၊ ထို့အတွက် ယင်းကုမ္ပဏီ၏ တာဝန်ရှိသူ ဒါရိုက်တာ ဦးအောင်ကျော်ထွန်းကို ဖမ်းဆီးထားပြီး အထွေထွေမန်နေဂျာဖြစ်သူ ဦးမင်းသူကျော်မှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း စစ်ကောင်စီထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ယင်းကုမ္ပဏီက ရောင်းချသည့် ထိုင်းနိုင်ငံမှ တိုက်ခန်းကို ငွေပေးချေကာ ဝယ်ယူပေးခဲ့သူ သုံးဦးကိုလည်း ဖမ်းဆီးထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏စွပ်စွဲချက်များတွင် စစ်ကောင်စီဗဟိုဘဏ်ခွင့်ပြုချက်မရှိဘဲ ပြည်ပတွင် ဘဏ်စာရင်းဖွင့်ကာ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုအတွက် တရားမဝင်ငွေပေးချေမှုခဲ့ကြောင့်ဟုလည်း ပါရှိပြီး ထိုင်းနှင့် ပြည်ပနိုင်ငံများတွင် တရားမဝင်ကွန်ဒိုတိုက်ခန်းဝယ်ယူထားသူများကို ဆက်လက်ဖမ်းဆီးမည်ဟုလည်း စစ်ကောင်စီက ခြိမ်းခြောက်လာသည်။

စစ်ကောင်စီက ဖမ်းဆီးထားသူများအနက် မြန်မာ့အိမ်ခြံမြေကဏ္ဍတွင် ထင်ရှားသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးသိမ်းဝေ ခေါ် Serge Pun နှင့်အတူ ၎င်း၏ ကုမ္ပဏီများဖြစ်သော Yoma Land နှင့် ရိုးမဘဏ်မှ ဒါရိုက်တာအဆင့်ရှိသူ ၈ ဦးလည်း မေးမြန်းစစ်ဆေးခံနေရကြောင်း အတည်မပြုနိုင်သော သတင်းများလည်း ပေါ်ထွက်နေသည်။

ဦးသိမ်းဝေ ပိုင်ဆိုင်သော Yoma Land ကုမ္ပဏီသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အိမ်ခြံမြေစီမံကိန်း ၄ ခုမှ နိုင်ငံခြားသားများဝယ်ယူနိုင်မည့် ကွန်ဒိုအခန်းများကို မြန်မာနိုင်ငံသားများက ရိုးမဘဏ်နှင့် ချိတ်ဆက်ကာ ၂၅ နှစ်အရစ်ကျငွေသွင်းစနစ်ဖြင့် ဝယ်ယူနိုင်မည့် ဝန်ဆောင်မှုကို လုပ်ဆောင်ခဲ့ခြင်းကြောင့် စစ်ကောင်စီက ခေါ်ယူစစ်ဆေးခြင်းဖြစ်ကြောင်း အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များကပြောသည်။

“သူတို့ခေါ်ယူစစ်ဆေးခံနေရတာ၊ အခုအထိ ပြန်မလွတ်သေးဘူး” ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ဦးသိမ်းဝေ၏ Yoma Group ကို ဆက်သွယ်မေးမြန်းခဲ့ရာ Yoma Group သို့မဟုတ် လက်အောက်ခံလုပ်ငန်းခွဲများသည် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ အိမ်ခြံမြေ များ ရောင်းချရာတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း၊ မြန်မာ့အိမ်ခြံမြေများပေါ်တွင်သာ အာရုံစိုက်ထားကြောင်း ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အီးမေးလ်မှတစ်ဆင့် ပြန်လည် ဖြေကြားလာသည်။

သို့သော် ဦးသိမ်းဝေ အပါအဝင် ကုမ္ပဏီ၏ ဒါရိုက်တာများကို စစ်ကောင်စီဘက်က ခေါ်ယူ မေးမြန်းမှုများရှိခဲ့သလား ဆိုသည့် မေးခွန်းကိုမူ ပြန်လည်တုံ့ပြန်ဖြေကြားခြင်းမရှိပါ။

စစ်ကောင်စီက သီရိပျံချီဘွဲ့ ပေးထားသော အသက် ၇၀ အရွယ် ဦးသိမ်းဝေ ခေါ် Serge Pun သည် ပြည်တွင်း၌ အိမ်ခြံမြေလုပ်ငန်း၊ ရိုးမဘဏ်၊ ဒီဂျစ်တယ်ငွေပေးချေမှုလုပ်ငန်း Wave Money၊ ပန်းလှိုင်ဆေးရုံ၊ Star City အိမ်ရာစီမံကိန်း၊ အစားအသောက်လုပ်ငန်းများဖြစ်သော KFC နှင့် YKKO အစရှိသည့် လုပ်ငန်းများအပြင် ၎င်း၏ FMI ကုမ္ပဏီသည် ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီဖြစ်သည်။

ထို့ပြင် ဦးသိမ်းဝေ၏ ကုမ္ပဏီများဖြစ်သော Yoma Strategic Holdings Ltd လုပ်ငန်းစုကြီးနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း Memories Group Limited တို့သည် စင်ကာပူ စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီများ ဖြစ်ကြသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း လူမှုကွန်ရက်ပေါ်သို့ ပြန်နှံ့လာသော ရုပ်သံဖိုင်တစ်ခုတွင် ဦးသိမ်းဝေက လတ်တလောဖြစ်ပေါ်နေသော ပြည်တွင်းပဋိပက္ခနှင့် တော်လှန်ရေးအင်အားစုနှင့် ပတ်သက်ပြီး PDF များ နေပြည်တော်အထိ မတိုက်ခိုက်လျှင် ကျေနပ်ပြီဟု ပြောဆိုထားသည်။

“ဒီလူတွေ (PDF တွေ) နေပြည်တော်ကို သွားသိမ်းဖို့ အဆင့်ရှိလား။ ဟာ မရှိဘူး။ နေပြည်တော်ကို စိတ်မဝင်စားဘူး။ အဲ​တော့ စိတ်ကျေနပ်ပြီ။ နေပြည်တော်ကို စိတ်မဝင်စားရင် တိုက်စရာ မရှိဘူး။ မင်းဒေသမှာ မင်းတိုက်ပေါ့။ လူတိုင်းက နေပြည်တော်ကို မက်နေပြီဆိုရင်​တော့ ငါတို့က နည်းနည်းဒုက္ခရောက်မှာ” ဟု ထိုရုပ်သံဖိုင်တွင် ဦးသိမ်းဝေက ပြောသည်။

ရိုးမဘဏ်သည် စစ်ကောင်စီက ရောင်းချနေသော ကျပ်ငွေသန်းပေါင်းများစွာ တန်ကြေးရှိသည့် ငွေတိုက်စာချုပ်များကို ဝယ်ယူပေးကာ စစ်ကောင်စီကို တစ်နည်းတစ်ဖုံ ကူညီနေသည့် ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည်။

ထို့ပြင် စစ်ကောင်စီသည် ယခုရက်ပိုင်းတွင် ပြည်တွင်းရွှေစျေးနှင့် ဒေါ်လာစျေး မြင့်တက်မှုတို့ကြောင့် စျေးကစားသည်ဆိုသော စွပ်စွဲချက်ဖြင့် ရွှေလုပ်ငန်းရှင် ၂၀ ခန့်ကို ဖမ်းဆီးထားပြီး နာမည်ကြီးရွှေလုပ်ငန်းရှင်များအပါ ၁၀ ဦးကိုလည်း ဝရမ်းထုတ်ထားသည်။ ငွေလွှဲကောင်တာလုပ်ငန်းလုပ်ကိုင်နေသူ ၁၁ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်သည်။

ထိုသို့ စီးပွားရေးလုပ်ငန်းရှင်များကို ဆက်တိုက်ဖမ်းဆီးအရေးယူမှုများသည် နိုင်ငံ၏ စီးပွားရေးနှင့် စီမံဘဏ္ဍာရေးဝန်ကြီးဌာနတို့တွင် အချိန်ကြာမြင့်စွာ တာဝန်ထမ်းဆောင်ခဲ့သော စစ်ကောင်စီဥက္ကဋ္ဌရုံး အမှတ် (၃) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး နှင့် စီမံ/ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့ကို ရာထူးမှ အနားပေးပြီးနောက်ပိုင်းတွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးပြိုကျပြီး ငွေကြေးဖောင်းပွမှု အဆမတန်မြင့်တက်လာနေ၍ ကျပ်တန်ဖိုးကျဆင်းလာခြင်းကြောင့် မြန်မာကျပ်ငွေအစား အိမ်ခြံမြေ၊ ရွှေနှင့် ဒေါ်လာစျေးကွက်များတွင် ရင်းနှီးမြှုပ်နှံသူ များပြားလာခဲ့သလို ထိုင်းနိုင်ငံ၏ အိမ်ခြံမြေနှင့် ကွန်ဒိုအခန်းများကိုလည်း မြန်မာနိုင်ငံသားများ ဝယ်ယူမှု မြင့်တက်ခဲ့သည်။

၂၀၂၄ ခုနှစ် ပထမသုံးလပတ်အတွင်း ထိုင်းနိုင်ငံရှိ ကွန်ဒိုတိုက်ခန်း ဝယ်ယူသော နိုင်ငံခြားသားများထဲတွင် မြန်မာနိုင်ငံက တရုတ်နိုင်ငံပြီးလျှင် ​ဝယ်ယူမှုပမာဏ ဒုတိယအများဆုံးဖြစ်လာခဲ့ပြီး ထိုင်းဘတ်ငွေ ၂ ဘီလျံ (အမေရိကန်ဒေါ်လာ သန်း ၆၀) ကျော်ဖိုးအထိရှိကြောင်း ထိုင်းနိုင်ငံ အိမ်ခြံမြေသတင်းအချက်အလက်စင်တာ REIC ၏ သတင်းအချက်အလက်များကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းစာက မေလ ၂၈ ရက်နေ့တွင် ဖော်ပြလာသည်။

“ပြည်ပမှာ အိမ်ဝယ်တာကလည်း အဓိကက နိုင်ငံရေးကြောင့်ဖြစ်သွားတဲ့ ပြဿနာလို့ထင်တာပဲ။ နိုင်ငံရေးမတည်ငြိမ်တော့ တချို့တွေက တစ်စုံတစ်ခုဆို ပြေးလို့ရမယ်၊ ပုန်းခိုလို့ရမယ် ဒီလိုရည်ရွယ်ချက်နဲ့ ဝယ်ကြတာ။ နိုင်ငံရေးမတည်ငြိမ်တဲ့အတွက်ကြောင့် ထွက်ဝယ်တဲ့ သဘောပေါ့။” ဟု နောက်ထပ် ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ပြည်တွင်းအိမ်ခြံမြေစျေးကွက်သည် စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်စတင်ပြီး ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းအထိ အရောင်းအဝယ်ကျဆင်းခဲ့ပြီး စီးပွားရေးကျဆင်းလာပြီး ငွေကြေးဖောင်းပွမှုများ အဆမတန်မြင့်တက်လာ၍ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းမှစတင်ပြီး အိမ်ခြံမြေအရောင်းအဝယ်ပြန်သွက်လာခဲ့ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

“ဒီမှာလည်း ရောင်းကြ၊ ဝယ်ကြတာတော့ရှိပါတယ်။ တစ်ခုတော့ရှိတာပေါ့လေ။ ဟို (ထိုင်း) မှာ သွားဝယ်တဲ့အတွက် ဒီမှာလည်း နဂိုကတည်းက ထိခိုက်နေတာ။ နိုင်ငံခြားသားတွေလည်း မဝင်တော့တဲ့အခါကျတော့ Luxury condo (ဇိမ်ခံကွန်ဒို) တွေကတော့ အရင်ထက်စာရင် ရောင်းအားကျသွားတယ်။” ဟု အထက်ပါ ဆောက်လုပ်ရေးလုပ်ငန်းရှင်က ဆိုသည်။

ထိုင်းအိမ်ခြံမြေရောင်းဝယ်သူများကို စစ်ကောင်စီဘက်က ခေါ်ယူမေးမြန်း စစ်ဆေးခြင်းများကြောင့် မြန်မာနိုင်ငံသားများ၏ ဘန်ကောက်ကွန်ဒိုဝယ်ယူမှုများသည် မေလလယ်ပိုင်းက စပြီး ရပ်တန့်သွားလျက်ရှိကြောင်း ဘန်ကောက်ကွန်ဒိုအရောင်းအဝယ်အေဂျင်စီတစ်ခုမှ တာ​ဝန်ရှိသူတစ်ဦးကပြောသည်။

“အခြေအနေတွေက အများကြီး ဖြစ်ပျက်နေတာဆိုတော့ အခုက အခန်းတွေအကုန်လုံး အရောင်းရပ်ထားရတယ်။”

ထိုင်းနိုင်ငံ၏ အိမ်ခြံမြေနှင့် အဆင့်မြင့်ဇိမ်ခံကွန်ဒိုများကို အဓိက ဝယ်ယူရင်းနှီးမြှုပ်နှံထားသူများမှာ ခရိုနီစီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာစစ်ဗိုလ်ချုပ်ကြီးများ၏ မိသားစုဝင်များနှင့် ၎င်းတို့နှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းများသာ ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် လွန်စွာနီးစပ်မှုရှိသော လက်နက်ပွဲစား ဒေါက်တာထွန်းမင်းလတ်ဆိုလျှင် ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော် ပြစ်မှုများဖြင့် ဖမ်းဆီးတရားစွဲဆိုခံခဲ့ရစဉ်က ဇိမ်ခံကွန်ဒိုတိုက်ခန်း၊ ဟိုတယ်နှင့် အပန်းဖြေစခန်း၊ ဇိမ်ခံပစ္စည်းနှင့် ကားများ အပါအဝင် စုစုပေါင်းတန်ဖိုး ဘတ် ၁ ဒသမ ၈ ဘီလျံရှိသော ပိုင်ဆိုင်မှုများပါ သိမ်းဆည်းခံခဲ့ရသည်။

ထိုသိမ်းဆည်းခံရသော ပိုင်ဆိုင်မှုများထဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားသမီးများဖြစ်သော ဦးအောင်ပြည့်စုံ ပိုင်ဆိုင်သော အဆင့်မြင့်ဇိမ်ခံ Belle Rama 9 ကွန်ဒိုရှိ အခန်းတစ်ခန်းနှင့် ဒေါ်ခင်သီရိသက်မွန်အမည်ဖြင့် ဖွင့်လှစ်ထားသော Siam Commercial Bank (SCB) ဘဏ်စာရင်းစာအုပ်များ ပါဝင်ခဲ့ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *