VPN ပိတ်ပင်ရေး စီမံချက်နဲ့ နောက်ကွယ်က လက်သည်များ

မြန်မာနိုင်ငံတွင် VPN ဖြင့် Facebook အသုံးပြုမှုကို မေလ ၃၀ ရက်နေ့မှစတင် ပိတ်ပင်လိုက်ပြီး စီမံချက်ကို ဒုဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်က ဦးဆောင်ကာ ဗိုလ်မှူးကြီး သီဟမင်းထွန်း၊ ကကဆက် ၊ Mascots ကုမ္ပဏီမှ ဒေါက်တာဝင်းကျော်နှင့် တရုတ်နည်းပညာရှင်အဖွဲ့က ပူးပေါင်းဆောင် ရွက်

မြန်မာနိုင်ငံတွင် Facebook လူမှုကွန်ရက်ကို VPN အသုံးပြု၍ မသုံးနိုင်ရေး စတင်ပိတ်ပင်လိုက်ပြီး အဆိုပါ VPN ပိတ်ပင်ရေး စီမံချက်ကို ဆက်သွယ်ရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်က ဦးဆောင်ကာ ဗိုလ်မှူးကြီး သီဟမင်းထွန်း၊ ကကဆက်မှ အရာရှိများ၊ Mascots ကုမ္ပဏီမှ ဒေါက်တာဝင်းကျော်နှင့် တရုတ်နည်းပညာရှင်အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်နေကြောင်း သိရှိရသည်။

မေလ ၃၀ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံတွင် Facebook အသုံးပြုမှုကို ပိတ်ပင်နိုင်ရေးအတွက် VPN များအားလုံးကို Secure Web Gateway (SWG) များ ဖွင့်၍ စတင်ပိတ်ပင်လိုက်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းတွင် လူသုံးများသော VPN များ အသုံးပြုမရတော့ခြင်းဖြစ်ပြီး စစ်ကောင်စီက ပထမဆုံးအကြိမ် အဖြစ် ထိထိရောက်ရောက် စတင် ပိတ်ပင်နိုင်ခြင်းဖြစ်ကြောင်း၊ VPN များ ပိတ်ပင်ရေး SWG Project ကို ဆက်သွယ်ရေးဒုဝန်ကြီး ဗိုလ်မှူးချုပ်လူမွန်က တိုက်ရိုက်ကိုင်တွယ်ခြင်းဖြစ်ပြီး ITCS (information technology and cybersecurity department)မှ ဗိုလ်ကြီးရဲနိုင်မိုးနှင့် ဗိုလ်သင်တန်းအပတ်စဉ် ၄၆ ကျောင်းဆင်း ဗိုလ်မှူးကြီး သီဟမင်းထွန်း၊ ကကဆက်ဌာနမှ ဗိုလ်မှူးများက ပူးပေါင်းပါဝင်ကြကြောင်း သိရှိရသည်။

VPN ပိတ်ပင်ရေး ဦးဆောင်နေသော Mascots Technologies & Telecommunication ကုမ္ပဏီ

မြန်မာနိုင်ငံတွင် VPN ပိတ်ပင်ရေး ပရောဂျက်ကို Mascots Technologies & Telecommunication ကုမ္ပဏီက ရရှိခဲ့ပြီး အဆို ပါ ကုမ္ပဏီကို ဒေါက်တာဝင်းကျော် က ဦးဆောင်သည်။ Mascot company ပိုင်ရှင်ဒေါက်တာဝင်းကျော် သည် Burbrit Beer ပူးတွဲတည်ထောင်သူဖြစ်သည့်အပြင် ဆောက်လုပ်ရေးကုမ္ပဏီ၊ ဆေးပစ္စည်းသွင်းသောကုမ္ပဏီ များထူထောင်ထားသူဖြစ်ပြီး မင်းအောင်လှိုင်မိသားစုနှင့်နီးစပ်သော စီးပွားရေးသမားတစ်ဦးလည်းဖြစ်ကြောင်း သိရှိရသည်။

Mascots Technologies & Telecommunication ကုမ္ပဏီသည် VPN ပိတ်ပင်ရေး ပရောဂျက် (SWG project) ကို ရရှိခဲ့ပြီး ရန်ကုန် မြို့ ၌ Mynet အမည်ဖြင့် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိထားသည်။ Mascots Technologies & Telecommunication ကုမ္ပဏီသည် ယခင် Media Tree ကုမ္ပဏီအမည်ဖြင့် လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။

“VPN ပိတ်ပင်ရေး ပရောဂျက်အတွက် လိုအပ်တဲ့ ဆက်သွယ်ရေးပစ္စည်းတွေ ဝယ်ယူရေးနဲ့တပ်ဆင်ရေးကို Mascot ကုမ္ပဏီ ပိုင်ရှင် ဒေါက်တာ၀င်းကျော်က တာဝန်ယူပြီးလုပ်နေပါတယ်။​ ဆက်သွယ်ရေး ဒုဝန်ကြီးဗိုလ်မှူးချုပ် လူမွန် ဦးဆောင်တဲ့ ပရောဂျက် ဖြစ်တဲ့အတွက် ဆညန ညွှန်မှုးက လိုင်စင်ယူထားတဲ့သူတွေကို စာတွေထုတ်ပေးပါတယ်။ မလိုက်နာရင် ဆက်သွယ်ရေးဥပဒေ အခန်း ၅ ပုဒ်မ ၁၅ (က) နဲ့ လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာနည်းဥပဒေ အပိုဒ် ၃၉ (က) (၂) အရ ဒဏ်ရိုက်တယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း သတင်းရင်းမြစ်ကပြောဆိုသည်။

စစ်ကောင်စီက VPN များကို အသုံးပြုမှု ပိတ်ဆို့ရခြင်းရည်ရွယ်ချက်မှာ မြန်မာ နိုင်ငံတွင် နိုင်ငံရေး မတည်မငြိမ် ဖြစ်အောင် လုပ်ဆောင်နေသော Facebook ကို ပိတ်ပင်ရန်ဖြစ်ပြီး Facebook နှင့် ဆက်စပ်သည့် Application များဖြစ်သည့် Instagram, WhatsApp အပါအဝင် Twitter@ X စသည့် လူမှုကွန်ရက်များအားလုံးကို မကြာမီ အပြည့်အ၀ ပိတ်ပင်နိုင်ရန် ရည်ရွယ်ထားသည်။

တရုတ်နည်းပညာအဖွဲ့ ပူးပေါင်းပါဝင်နေခြင်း

မြန်မာနိုင်ငံတွင် VPN များ ပိတ်ပင်နိုင်ရေးအတွက် အဓိက နည်းပညာ ကူညီသူမှာ တရုတ်နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံမှ နည်းပညာရှင်အဖွဲ့တစ်ဖွဲ့ကို Mascots Technologies & Telecommunication ကုမ္ပဏီက ခေါ်ယူခဲ့သည်။ အဆိုပါ တရုတ်နည်းပညာအဖွဲ့တွင် ပညာရှင်နှင့် အင်ဂျင်နီယာ ၁၃ ဦးပါဝင်သည်။

VPN ပိတ်ပင်မှုကို အစောဆုံး စတင်ရန် တရုတ်နည်းပညာအဖွဲ့က ကြိုးပမ်းခဲ့သော်လည်း မေလ ၃၀ ရက်နေ့တွင်မှ စတင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ VPN ပိတ်ပင်မယ့် ဒီ Secure Web Gateway ကို သူတို့က install လုပ်ထားတာက မတ်လကတည်းလောက်က စလုပ်နေတာ။ တကယ် သူတို့က ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဖွင့်ဖို့လုပ်တာ။ အဲဒီမှာ သူတို့ ပစ္စည်းတွေ မရောက်လို့ နောက်ဆုံးတပ်မတော်နေ့မတ်လ ၂၇ ရက်နေ့ မှာ မီအောင်ဖွင့်မယ်ဆိုတာ တပ်မတော်နေ့လည်း မမီဘူး။ မမီဘဲနဲ့ နည်းနည်းကျော်သွားတယ် ကျော်သွားပြီးတော့ တကယ်စတာ မေလ ၃၀ ရက်နေ့ ကြာသပတေးနေ့ နံနက် ၁၁ နာရီခွဲ စပြီးတော့ သူတို့ အဲဒါကို On လိုက်တာ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သတင်းရင်းမြစ်က ရှင်းပြသည်။

လက်ရှိ မြန်မာနိုင်ငံသို့ အင်တာနက်လာသည့် လမ်းကြောင်းကို ကြားဖြတ်၍ VPN ကြားဖြတ် ဖြတ်တောက်သည့် စနစ်များ တပ်ဆင်လိုက်ခြင်းဖြစ်ပြီး မေလ ၃၀ ရက်နေ့တွင် စ၍ တစ်ပြိုင်နက်တည်း စနစ်စတင်လိုက်သည့်အတွက် လူသုံးများသည့် VPN များ အသုံးပြု၍ မရတော့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“အာဏာစပြီး သိမ်းကတည်းက VPN ကို ပိတ်ပင်ဖို့ စစ်ကောင်စီက ညွှန်ကြားတယ်။ အဲဒီမှာ စစ်ကောင်စီက ပိတ်ခိုင်းတာက 1.1.1.1 VPN တို့ Potato တို့ အဲဒီ VPN တွေ တောက် လျှောက်ပိတ်ခိုင်းတာ။ ကျွန်တော်တို့က ပိတ်ဖို့ မနိုင်ပါဘူး မနိုင်ပါဘူး ပြောလို့ တရုတ်ဘက်က ပညာရှင်တွေနဲ့ စက်တွေ၊ ဆော့ဝဲလ်တွေ၊ စနစ်တွေကို အကောင်အထည်ဖော်တာ” ဟု မြန်မာ့ဆက်သွယ်ရေး သတင်းရင်းမြစ်က ဆိုသည်။

လတ်တလောတွင် VPN များပိတ်ပင်မှု အခြေအနေမှာ စမ်းသပ် လုပ်ကိုင်နေဆဲဖြစ်၍ လုံး၀ အပြည့်အ၀ မပိတ်ပင်နိုင်သေးသော်လည်း တဖြည်းဖြည်း ကျွမ်း ကျင်လာသည်နှင့်အမျှ မြန်မာပြည်သူများအနေဖြင့် VPN များ အသုံးပြုရန် ခက်ခဲလာမည်ဖြစ်ကြောင်း သိရှိရသည်။

Facebook ကို အစားထိုးမည့် စစ်ကောင်စီ၏ Myspace

စစ်ကောင်စီက VPN များကို လုံး၀ ပိတ်ပင်ပြီးပါက Facebook ကိုအစာထိုးသုံးနိုင်မည့် လူမှုကွန်ရက် Application ကို တစ်ခုကို ရေးဆွဲထားကြောင်း၊ အဆိုပါ Application မှာ စစ်ကောင်စီက ပုဂ္ဂလိကကုမ္ပဏီနှင့် တရုတ်နည်းပညာအဖွဲ့သို့ ချထားပေးသည့် ပရောဂျက်တစ်ခုဖြစ်ပြီး VPN များ လုံး၀ ပိတ်ပင်နိုင်ချိန်တွင် Facebook အစားထိုးအဖြစ် အသုံးပြု မိတ်ဆက်မည်ဖြစ်ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *