စစ်ကောင်စီ၏ အင်အား ၅၀၀ ကျော်ပါ စစ်ကြောင်း လွိုင်ကော်ကို ရောက်လာ

ကရင်နီ (ကယား) ပြည်နယ် မြို့တော် လွိုင်ကော်သို့ ဦးတည် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် လွိုင်ကော်မြို့ထဲသို့ ဇွန်လ ပထမသီတင်းပတ်တွင် ရောက်ရှိလာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဘက်က ပြောသည်။

ကရင်နီတော်လှန်ရေးတပ်ပေါင်းစု၏ ၁ လေးလုံးစစ်ဆင်ရေးကြောင့် ကရင်နီပြည်နယ်တွင် နယ်မြေများဆုံးရှုံးထားသည့် စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှတစ်ဆင့် မတ်လကုန်မှစတင်ကာ တန်ပြန်စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

အင်အား ၅၀၀ ကျော်ပါသော စစ်ကောင်စီစစ်ကြောင်းသည် ဆီဆိုင်မြို့၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်နယ်မြို့တော် လွိုင်ကော်သို့ သွားနိုင်သည့် ကားလမ်းမဆုံရာ လမ်းခွဲတွင် ဇွန်လ ၁ ရက်အထိ ဖြန့်ခွဲနေရာယူထားရာမှ လွိုင်ကော်မြို့အထိ ရှေ့တိုးဝင်လာခြင်းဖြစ်ကြောင်း KNDF က ဆိုသည်။

KNDF ဗဟို သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက “လမ်းဘေးဝဲယာ လုံခြုံရေးတွေ ကင်းတွေချပြီးတော့မှ ရောက်သွားတာဖြစ်ပါတယ်။ တိုက်ပွဲငယ်လေးတွေကတော့ ဖြစ်ခဲ့တာပေါ့။ ရောက်သွားတဲ့နေ့ရက်ကိုတော့ အတိအကျတော့ မပြောနိုင်ဘူး။ ပြီးခဲ့တဲ့ ၃ ၊ ၄ ရက်လောက်က ရောက်သွားဖြစ်ပါတယ်” ဟု Myanmar Now ကို ပြောသည်။

လွိုင်ကော်တွင် စစ်ကောင်စီ၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အခြေစိုက်ပြီး ခြေလျင်တိုက်ခိုက်ရေးတပ်ရင်း ၄ ရင်း၊ အမြောက်တပ်ရင်း ၂ ရင်းအပါအဝင် အထိုင်တပ်စခန်းပေါင်း ၁၂ ခုရှိသည်။

ကရင်နီပြည်နယ်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က စတင်သည့် ကရင်နီတော်လှန်ရေးတပ်များ၏ ၁ လေးလုံးစစ်ဆင်ရေးအတွင်း လွိုင်ကော်မြို့၏ ဧရိယာတစ်ဝက်ခန့်ကို တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်သော်လည်း စစ်ကောင်စီ၏ အထိုင်တပ်စခန်းများကို မသိမ်းပိုက်နိုင်ခဲ့ပေ။

လွိုင်ကော်တွင် စစ်ကောင်စီ၏ စစ်သည်အင်အား ၂၀၀၀ ထက်မနည်းရှိနေသည်ဟု ကရင်နီတော်လှန်ရေးတပ်များဘက်က ခန့်မှန်းသည်။

စစ်ကောင်စီ၏စစ်ကြောင်း လွိုင်ကော်သို့ ရောက်သွားပြီးနောက် လွိုင်ကော်တွင် ကရင်နီတော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများဆက်ဖြစ်နေကြောင်း KNDF ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနထံမှ သိရသည်။

လွိုင်ကော်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် စစ်ကောင်စီ၏ ကယားပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို Myanmar Now က ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပေ။

စစ်ကောင်စီက ထိန်းချုပ်ထားသည့် ဇွန်လ ၆ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် စစ်ကောင်စီ၏ ကယားပြည်နယ်အစိုးရသည် လွိုင်ကော်မြို့၌ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ကျင်းပနေကြောင်း သတင်းဖော်ပြထားသည်။

ဇွန်လ ၅ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြချက်အရလည်း လွိုင်ကော်မြို့၌ အခြေခံပညာကျောင်းတချို့ ပြန်ဖွင့်နေပြီး စစ်ကောင်စီ၏ ကယားပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းများကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သို့သော်လည်း လွိုင်ကော်မြို့သည် စစ်ကောင်စီတပ်အတွက် လုံးဝဘေးကင်းလုံခြုံသည်တော့မဟုတ်ပေ။

စစ်ကောင်စီ၏ စက်မှုလယ်ယာဦးစီးဌာန ဒုညွှန်မှူးနှင့် မြို့နယ်ဦးစီးမှူးတို့ ၂ ဦးသည် ဇွန်လ ၅ ရက်ညနေပိုင်းက လွိုင်ကော်မြို့အစွန်တစ်နေရာ၌ သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း စစ်ကောင်စီကို ထောက်ခံရေးသားလေ့ရှိသည့် Loikaw News တယ်လီဂရမ်ချန်နယ်တွင် ဖော်ပြသည်။

KNDF ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနဘက်ကမူ စစ်ကောင်စီ၏ စက်မှုလယ်ယာဦးစီးဌာန ဒုညွှန်မှူးနှင့် မြို့နယ်ဦးစီးမှူး အသတ်ခံရသည့် ဖြစ်စဉ်ကို သေချာမသိဟု ဆိုသည်။

လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ဗိုလ်ကြီးဇင်ယော်ကလည်း စစ်ကောင်စီတပ်သည် လွိုင်ကော်မြို့ကို အလုံးစုံထိန်းချုပ်နိုင်ရန် ကြိုးပမ်းလာမည့် အခြေအနေရှိနေကြောင်း ပြောသည်။

၎င်းက “နယ်ခံ (တော်လှန်ရေးတပ်) တွေ ကတော့ ကြိုပြီးပြင်ထားဖို့လိုနေပါပြီ။ ပြင်နေတာလဲဖြစ်နိုင်ပါတယ်” ဟု ဆိုသည်။

စစ်ရေးလေ့လာသည့် မြန်မာသုတေသီအမျိုးသားတစ်ဦးကမူ ကရင်နီတော်လှန်ရေးတပ်များ၏ ၁ လေးလုံးစစ်ဆင်ရေးကြောင့် လွိုင်ကော်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ရပ်တန့်သွားသဖြင့် စစ်ကောင်စီတပ်သည် လွိုင်ကော်မြို့ကို အလုံးစုံပြန်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလာနိုင်ဖွယ်ရှိကြောင်း မှတ်ချက်ပေးသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF သည် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလတွင် ပေါ်ပေါက်လာသော အာဏာသိမ်းမှုဆန့်ကျင်သည့် တော်လှန်ရေးတပ်ဖြစ်သည်။ လက်ရှိတွင် စစ်ဗျူဟာ ၈ ခု တပ်ရင်းပေါင်း ၂၀ ကျော်ဖွဲ့ထားပြီး စစ်အင်အား ထောင်ချီရှိသော တပ်ဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *