သံတွဲမကျစေရေး ရေတပ်အထူးတိုက်ခိုက်ရေးအဖွဲ့ Navy Seals များပါ ထုတ်သုံးပြီး စစ်ကောင်စီခုခံနေဟု AA ထုတ်ပြန်

မြန်မာစစ်တပ်သည် ၎င်းတို့ကို ဆန့်ကျင်သူများကို တိုက်ခိုက်ရာတွင် ကြည်းတပ်နှင့် လေတပ်တို့ကိုသာ အဓိကအားကိုးပြီး တိုက်ခိုက်လေ့ရှိသော်လည်း စစ်ဗိုလ်ချုပ်များ၏ အကျိုးစီးပွားအများအပြားရှိသည့် ငပလီကမ်းခြေအပါအဝင် သံတွဲမြို့မကျစေရန် ခုခံရာတွင် ရေတပ်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင် (Navy Seals) များကို ထုတ်သုံးခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့နယ်တိုက်ပွဲများတွင် စစ်ကောင်စီတပ်က ရေတပ်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင် (Navy Seals) များပါ ထုတ်သုံးပြီး ခုခံကာကွယ်နေသည်ဟု ရခိုင်တပ် AA က ဇွန်လ ၇ ရက်နေ့က သတင်းထုတ်ပြန်သည်။

သံတွဲမြို့နယ်၊ ဒေါ်ပွဲခုံကျေးရွာ၏ အနောက်မြောက်ဘက် ၃ ကီလိုမီတာအကွာအဝေးနှင့် ဂေါ့တ် (Gawt) တောင်တန်းအနီးတွင် ပြီးခဲ့သည့် ဇွန်လ ၂ ၊ ၃ ရက်နေ့များ၌ စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲများဖြစ်ပွားသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က ပင်လယ်ပြင်မှ စစ်သင်္ဘော ၃ စီး၊ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူအမြောက်အမြား၊ Navy Seal တပ်ဖွဲ့ဝင်များဖြင့် အထက်ပါနေရာကို အသည်းအသန်ခုခံသော်လည်း AA တပ်ဖွဲ့ဝင်များက ဗျူဟာမြောက်တိုက်ပွဲဝင်နိုင်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိအခိုက်၊ အကျအဆုံးများစွာဖြင့် ကစဉ့်ကလျားထွက်ပြေးလျက်ရှိသည်ဟု AA က ဆိုသည်။

Navy SEALs ဆိုသည်မှာ စစ်ဆင်ရေးဆောင်ရွက်သည့် မြေပြင်၊ ရေပြင်၊ ဝေဟင် ပတ်ဝန်းကျင်တို့ကို အစွဲပြု၍ အမည်ပေးထားခြင်းဖြစ်ပြီး ရေတပ်အထူးစစ်ဆင်ရေးတိုက်ခိုက်ရေးတပ်ဖွဲ့များ၏ အခြေခံအုတ်မြစ်ဖြစ်သည်ဟု အမေရိကန်နိုင်ငံစစ်ရေးသတင်းများ ဖော်ပြသည့် Military. com က အဓိပ္ပာယ်ဖွင့်ဆိုသည်။

၎င်းတို့သည် မည်သည့်စစ်ရေးပတ်ဝန်းကျင်တွင်မဆို အထူးစစ်ဆင်ရေးတာဝန်အမျိုးမျိုးကို လုပ်ဆောင်ရန် စနစ်တကျ စုဖွဲ့၊ လေ့ကျင့်သင်ကြားထားပြီး အဆင့်မြင့်လက်နက်ကိရိယာများ ကိုင်ဆောင်ထားသူများဖြစ်ကြသည်ဟု ဆိုသည်။

သံတွဲမြို့တိုက်ပွဲများအတွင်း စစ်ကောင်စီရေတပ်၏ စစ်သုံးအမြန်ရှပ်ပြေးရေယာဉ် (Speed Boat) တစ်စီးကို နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့သည်ဟု AA က ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းအမြောက်အမြား၊ လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိပြီး ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကမ်းခြေတစ်လျှောက် လိုက်လံရှင်းလင်းလျက်ရှိသည်ဟု AA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အမ်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တောဟိန်းတောင်စခန်းကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေး ကြိုးပမ်းလျက်ရှိရာ တောဟိန်းတောင်ပတ်ဝန်းကျင်၌ တိုက်ပွဲများဆက်လက်ပြင်းထန်နေသည်ဟု ဆိုသည်။

အမ်း၊ သံတွဲ တိုက်ပွဲများအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ထက်မနည်း သေဆုံးသွားပြီး AA ဘက်တွင်လည်း အသက်ခန္ဓာပေးဆပ်စွန့်လွှတ်ခဲ့သော တပ်ဖွဲ့ဝင်များရှိသည်ဟု ဖော်ပြသည်။ အရေအတွက်အတိအကျကိုမူ ဖော်ပြခြင်းမရှိပါ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *